တွေးတွေးပြီးပြုံး(၁)
ကွဲချင်ကွဲပါစေ
တစ်ခါကရွာတစ်ရွာတွင် မောင်ကြွားအမည်ဖြင့် လူငယ်တစ်ဦးရှိခဲ့ ဖူးသည်။ မောင်ကြွားသည် သူ့ သူငယ်ချင်းများနှင့်
ဆုံသည့်အခါတိုင်း ဟုတ်သည် မဟုတ်သည် အပထား ကြွားဝါလိုသော ဆန္ဒဖြင့် စကားကြီး စကားကျယ် ပုံကြီးချဲ့ တတ်လေသည်။
ဝါကြွားပြောဆိုရမှ ထမင်းစားဝသလိုရှိသည်ထင်၏။ တနေ့ မောင်ကြွားနှင့် မောင်သောတာတို့  ဆုံမိကြသည်။
သူငယ်ချင်းနှစ်ဦးဆုံခိုက်တွင် မောင်ကြွားက လေလုံးခပ်ကြီးကြီးဖြင့်  စ,တင်လိုက်လေသည်။
မောင်ကြွား။ ။ " ဟေ့ ... သောတ၊ မင်းကိုအံ့ သြဖို့ ကောင်းတဲ့  ကိစ္စ တစ်ခု ပြောရအုံးမယ်ကွ "
သောတ။ ။ " ဘာများလဲ မောင်ကြွားရ "
မောင်ကြွား။ ။ " ဒီလိုဟ ... ငါတို့ အိမ်ကကြက်မကြီးပေါ့။"
သောတ။ ။ " ဘာလဲ ... ဟင်းအိုးထဲရောက်သွားလို့ လား"
မောင်ကြွား။ ။ " ဟာ ... ဘယ်ကလာ ဟင်းအိုးထဲရောက်ရမှာ ဒီလိုကွ ငါ့ အိမ်ကကြက်မကြီး အခု ဥအုနေပြီ "
သောတ။ ။ " ကြက်မကြီး ဥအုတာများအဆန်းလုပ်လို့  ကြက်ဖကြီးက ဥအုတယ်ဆိုရင်တော့ အားနာပါးနာအံ့ သြရမှာပေါ့ "
မောင်ကြွား။ ။ " မင်းနားကျပါးကျနားမထောင်ဘူး။ အံ့ သြဖို့ ကောင်းလို့  အံ့ သြတယ်ပြောလို့  ပြောတာပေါ့ "
သောတ။ ။ " အင်း ... ဆိုစမ်းပါအုံး "
မောင်ကြွား။ ။ " ဒီလိုကွ ... အိမ်ကကြက်မကြီးဒီနေ့  ဥစအုတယ် "
သောတ။ ။ " ဥအုတာများအဆန်းလုပ်နေသေးတယ် "
မောင်ကြွား။ ။ " ဟာ ... ဆန်းတာမှ အရမ်းဆန်းတာ ဥတစ်လုံးတည်း ဘယ်လောက်ကြီးတယ်မှတ်လဲ "
သောတ။ ။ " မှန်း ... ဘယ်လောက်ကြီးနေလို့ လဲ "
မောင်ကြွား။ ။ " စပါးကျီလောက် ကြီးတယ်ကွ"
သောတ။ ။ " ဟ ... မောင်ကြွားရဲ့ မင်းဟာက ဟုတ်နိုင်ပါ့ မလား။ စပါးကျီဆိုတာ နည်းနည်းနောနောမဟုတ်ဘူးနော် "
မောင်ကြွား။ ။ "အဟုတ်ပြောတာ အဲသလောက်ကိုကြီးတာ "
သောတ။ ။ " မဟုတ်သေးဘူးထင်တယ်။ မင်း အကြည့်မှားလို့  ဖြစ်လိမ့် မယ်။ နည်းနည်းလျော့လိုက်အုံးကွာ "
မောင်ကြွားငိုင်သွားသည်။ ခေတ္တတွေနေပြီးမှ ပြောသည်။
မောင်ကြွား။ ။ " အေး ... အကြည့်မှားတာဖြစ်ချင်လည်းဖြစ်မှာပဲ။ ဒါပေမယ့် ခံတောင်းအရွယ်လောက်တော့ ရှိတာတော့  သေချာတယ် "
သောတ။ ။ " ဒါကလည်းကြီးသေးတာပဲ။ နည်းနည်းလျော့လိုက်အုံးကွာ "
မောင်ကြွား။ ။ " ကျွဲကောသီးအရွယ် နီးနီးရှိသကွာ "
သောတ။ ။ " ကြီးနေသေးတယ်သူငယ်ချင်း။ ထပ်လျော့ အုံး "
မောင်ကြွား ခေါင်းရမ်းပြီး
မောင်ကြွား။ ။ " ထပ်တော့ မလျော့နိုင်ဘူးကွာ။ ငါ့ ကြက်မကြီး ဖင်ကွဲချင်ကွဲပါစေတော့ "

No comments:
Post a Comment