Powered By Blogger

Saturday 31 August 2013

ဟာသ

ကြိုးစားကြည့်လေ
ဆရာက မေးသည်
"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"
ပီတာက ချက်ချင်းပြန်ဖြေသည်။
"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား"
နောင်တ
"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေသူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်"
ဘယ်အချိန်လာရမလဲ
ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
လူမှန်နေရာမှန်
"မောင်ဘမောင်. မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့ ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။ မင်းကျတော့
ဒီခုံပေါ်မှာ အေးအေးဆေးဆေး မယ်ဒလင် ထိုင်တီးနေတယ်"
"မတတ်နိုင်ဘူး ဒေါ်ဒေါ်. သူမှ မယ်ဒလင် မတီးတတ်တာ။"
သင်ခန်းစာ
သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။
သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။
မဟာ့မဟာ ပြဿနာ
"ပီတာ မင်းအဖေက ဘယ်သူလဲ" ဆရာမက ပီတာလေးကို မေးသည်
"ဟာ ဆရာမလဲ လုပ်ပြီ.....ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ..."
မကြောက်ပါနဲ့ 
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........၀က်ဝံကသေသွားတော့အစားထိုးဖို့မရှိဘူးဖြစ်နေတယ်
ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ဝက်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ
လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့
ဝက်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့
ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "
မတိုင်နဲ့လေ
အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကို မကျေမနပ် ပြောသည်။
"မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။"
"မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။"
ဖတ်ခဲ့သူများ: 21

Saturday 24 August 2013

Eain Eain - min nae chit tar.mp4

Myanmar Burmese Music MTV - Chinese MVT

Myanmar Music Video: Lay Pyay By Aye Thin Cho Swe

Htoo L Lin - A Chit Loh Khaw Tha Lar

Hote loh lar - So tay

Thu nge chin သူငယ်ချင်း Lyrics "Nyan Lin Aung" (myanmarteach.com)

[MHitz] Aung La (အောင်လ) - Taung Pan Dae (တောင်းပန်တယ်)

Doe Lone's Ma chit phuu ma pyaw par nae

YouTube Mix (playlist)

a chit loh khaw tha lar ( အချစ်လို့ခေါ်သလား) by Htoo L Lin

Friday 23 August 2013

အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း



အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း
မေး။   ။ ဒေါက်တာရှင့် သမီးဟာ မိန်းကလေးဖြစ်ပြီး ခြေထောက်မလှ ဖြစ်နေပါတယ်။ ခြေမမှာ ခြေစွယ် မကြာခဏ ငုပ်ပါတယ်။ ငုပ်ရင်လည်း ဒေါက်ဖိနပ် မစီးနိုင်အောင်ကို နာနေပါတယ် ဆရာ။
တစ်ခါတလေဆို ပြည်ပါတည် တတ်လို့ စိတ်ညစ်ရပါတယ်။ ခြေစွယ်မငုပ်အောင် ဆိုင်သွားပြီး Nail Health လုပ်လည်း ခဏပဲခံတယ် ဆရာရယ်။ သမီးဘယ်လို လုပ်ရမလဲ။ ကူညီ ဖြေကြားပေးပါ။
မီးမီးချော(အမရပူရ)
ဖြေ။ ။ အမရပူရက သမီးချောက အလှကြိုက်ပါလျက် ခြေစွယ်ငုပ်ရလို့ စိတ်ညစ် နေရပါသတဲ့။ ဟုတ်ကဲ့ပါ၊ သမီးလို အလှကြိုက်လျက် ခြေမကဖျက် နေတဲ့ အလှကြိုက် သူလေးတွေ သိဖို့ ခြေစွယ်ငုပ်ခြင်း အကြောင်း ဆရာရှင်း ပြလိုပါတယ်။
ခြေစွယ်ငုပ်တယ် ဆိုတာက ခြေသည်းညှပ်စဉ်က ကျန်ခဲ့တဲ့ ခြေစွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ်ဝန်းကျင်မှာ အနာဖြစ်လာတာပါ။ အဲဒီအနာက ပြည်ပါ လိုက်လာပြီး ပို၍ ဆိုးဝါးစေပါ တယ်။ ခြေသည်းညှပ်ရာမှာ ခြေစွယ်ကျန်ခြင်းနဲ့ ရှူးဖိနပ်ကျပ်ကျပ် စီးခြင်းတို့ဟာ ခြေချောင်းများကို စုညှစ်သလို ဖြစ်နေတာကြောင့် ခြေစွယ် ငုပ်တတ်ပါတယ်။
ကဲ ခြေစွယ် ငုပ်လာပြီဆိုပါစို့။ ဘာစလုပ်ကြမလဲ။
(၁)     ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ရေနွေးထဲမှာ ဆားထမင်းစား ဇွန်းနှစ်ဇွန်းခန့် ထည့်မွှေထားတဲ့ ဆားရေနွေးနဲ့ ဆယ်မိနစ်ခန့် စိမ်ပါ။(တစ်နေ့ နှစ်ကြိမ်ခန့် စိမ်ပါ) နာနေတဲ့ နေရာကို ပလာစတာ ကပ်ထားပါ။ ခြေညှပ်ဖိနပ်၊ ကွင်းထိုး ဖိနပ်စီးပါ။
(၂)     ခြေစွယ်နာ လုံးဝ ပျောက်ကင်းသွားမှ ခြေသည်းညှပ်ပါ။
(၃)     ခြေသည်းဆိုးခြင်း၊ ကြေးချွတ်ခြင်းတို့ကို ခြေစွယ်ငုပ်နေစဉ် မလုပ်သင့်ပါ။
ခြေစွယ် ငုပ်လေ့ရှိတဲ့ သမီး မီးမီးချောအနေနဲ့ ခြေစွယ်မငုပ်အောင် ကာကွယ် နည်းတွေရှိပါတယ်။
(၁)     နေ့စဉ် ခြေဆေးပါ။ ဆေးပြီးတာနဲ့ ရေစင်အောင် သုတ်ပါ။
(၂)     ရှေ့ဘက်မှာ ခြေချောင်းလေးများကို စုညစ်ထားတဲ့ ဦးချွန် ဒေါက်မြင့်မျိုး မစီးသင့်ပါ။
(၃)     ခြေဦးပိုင်း ဖွင့်ထားတဲ့ ချည်ထည်ခြေစွပ်၊ စတော်ကင်များကိုသာ ဝတ်ပါ။ နေ့စဉ်လဲပါ။
(၄) ခြေသည်းမညှပ်မီ ခြေသည်းနူးပျော့လာရန် ခြေထောက်ကို ရေနွေးထဲမှာ ၁ဝ မိနစ်ခန့်စိမ်ပြီးမှ လက်သည်းညှပ် ကောင်းကောင်းနဲ့ ခြေစွယ်မကျန်အောင် ညှပ်ပါ။ ထောင့်ဘက် အဖျားများကို တံစဉ်းတိုက်ပါ။ ခြေစွယ် ကုပ်နေလျှင် ထိုနေရာကို အချွန်အထက်ဖြင့် အတင်းမကော်ပါနဲ့။ ရေနွေးစိမ်ပြီး ခြေသည်းပျော့သွားမှ ခြေစွယ်ကို ညှပ်ပါ။
မြဝတီ

Monday 19 August 2013

အရည်ချင်းဖြင့် မိမိဘဝကိုလင်းလက်စေသူ


အရည်ချင်းဖြင့် မိမိဘဝကိုလင်းလက်စေသူ

========================


စာဖတ်သူတွေကော Lizzie သာဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုများဖြစ်သွားနိုင်လဲ။
ကဲထားပါ အားလုံးဟာ Lizzie လိုတော့မဖြစ်နိုင်ပါဘူး အားနည်းချက် ကိုယ်စီတော့ရှိမှာပါ။မပြည့်စုံဘူး၊မလုပ်နိုင်ဘူးဆိုပြီး တွေဝေအချိန်ကုန်ခဲ့
တဲ့ ကျွန်တော်တို့အတွက်တော့ နောက်ကျသွားပြီဆိုတာမရှိပါဘူး။

ကိုယ့်လမ်းကြောင်းနဲ့ကိုယ် အားလုံးကြိုးစားကြဖို့ သင်ခန်းစာတစ်ခုအနေနဲ့
ဖော်ပြပေးလိုက်ပါတယ်။


ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီး Lizzie Velasquez ဖြစ်ပါတယ်၊ အမေရိကန်နိုင်ငံသူဖြစ်ပြီး ၁၉၈၉ခုနှစ်၊မတ်လ ၂၃ ရက်နေ့ မွေးဖွားသူ
ဖြစ်ပါတယ်။ သူမရဲ့ အသက်က လက်ရှိ ၂၄ နှစ်ရှိပါပြီ။

ဆေးပညာ ရပ်အရ အလွန်ရှားပါးတဲ့ ရောဂါဖြစ်ပြီး ကမ္ဘာပေါ်မှာ သူမအပါအဝင် နှစ်ယောက်ပဲရှိပါတယ်၊အရေပြားပေါ် မှာရှိသင့်ရှိထိုက်တဲ့ အဆီတွေလုံးဝမရှိ တဲ့အတွက် ကြွက်သားတွေက မကြီးထွားသလို
ခန္ဓာကိုယ်တွင်းအဆီဓာတ်က သုည ရာခိုင်နှုန်းသာရှိတဲ့အတွက် စုစုပေါင်းအလေးချိန် ပေါင် ၆၀ သာရှိပါတယ်။

Youtube မှာသူရဲ့  ၈ စက္ကန့်စာ ဗီဒီယိုဖိုင်ကြည့် ဖူးသူတိုင်းက သူမကို ကမ္ဘာ့ရုပ်အဆိုးဆုံးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်၊တချို့  ဝေဖန်ချက်တွေဆိုရင် သူမကိုယ်သူမ အဆုံးစီရင်ချင်စိတ် ဖြစ်သွားလောက်အောင် ဆိုးရွားခဲ့ပါတယ်၊
ကြောက်မက်ဖွယ်ကောင်းသော ဘီလူးမျက်နှာပိုင်ရှင်ဆိုပြီး အမျိုးမျိုး
ဝေဖန်ခဲ့ကြပါတယ်၊

တကယ်လည်းပုံမှာ စာဖတ်သူတို့မြင်တွေ့ရတဲ့အတိုင်းပါပဲ။ဒါပေမယ့်သူမဟာ ကျွန်တော်တို့တွေထင်သလိုစိတ်ဓာတ်ပျော့ညံ့သူမဟုတ်ပဲ လေးစားဖွယ်
ကောင်းလောက်အောင် စိတ်ဓာတ်ကြံ့ ခိုင်သူ ပါ၊တက္ကသိုလ်ကျောင်း ကိုပြီးဆုံး တဲ့အထိတက်ရောက်ပညာသင်ကြားပြီး သူမဖြစ် ချင်တဲ့ စားရေးဆရာမ ဖြစ်အောင်ကြိုးစားခဲ့ပါတယ်၊ကြိုးစားတဲ့ အတိုင်းဖြစ်ခဲ့ပါတယ်။

သူမ ရဲ့ ပထမ ဆုံး စာအုပ်အဖြစ် Lizzie Beautiful ဆိုတဲ့စာအုပ်ကို ၂၀၁၀ ခုနှစ်မှာထုတ်ဝေခဲ့ပြီး ကမ္ဘာတစ်လွှား အောင်မြင်မှုရခဲ့ပါတယ်၊
ပြီးတော့ ဒုတိယမြောက် Be Beautiful,Be You ဆိုတဲ့စာအုပ်အပြင် သူရဲ့  တတိယမြောက်စာအုပ်ကိုတော့၂၀၁၃ ခုနှစ် စက်တင်ဘာလ မှာထုတ်ဝေမယ် လို့ဆိုထားပါတယ်၊

သူရဲ့ စာအုပ်တွေအောင်မြင်လာတာနဲ့ အတူ မိသားစုဘဝကိုအကောင်းမွန်ဆုံ
ထိန်းကြောင်းပေး နိုင်ခဲ့သလို သူ့ကိုယ်သူလည်း အကောင်းမွန်ဆုံး ရပ်တည်
နိုင်ခဲ့ပါတယ်၊

"လူအများစု ဟာလိုချင်တဲ့ ရုပ်ဝတ္ထုတွေ မရဘူးဆိုရင် စိတ်ဓာတ်ကျမယ်၊ ကိုယ့်ကိုကိုယ်သိမ်ငယ်လာတယ်၊ပတ်ဝန်းကျင်ကိုအကောင်းမမြင်တော့ဘူး၊အဲဒီအတွက်သီးသန့်နေထိုင်လာတယ်၊အထီးကျန်လာတယ်၊စိတ်ကျရောဂါဝင်လာမယ်၊နောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်နိုင်တဲ့အထိ
ဖြစ်သွားနိုင်ပါတယ်"

ဒါပေမယ့် Lizzie ဟာအများစုတွေဖြစ်တတ်တဲ့ ခံယူချက်မျိုးကို တွန်းလှန်နိုင်ခဲ့တယ်၊ရရှိလာတဲ့ ကံတရားကိုလက်ခံတယ်၊သူ့ကို ရုပ်အဆိုးဆုံး ဆိုပြီးဝေဖန်မှုတွေကို အောင်မြင်မှုနဲ့ဝါးမြို ခဲ့တယ်၊ သူများထက်ပိုပြီးကြိုးစား ခဲ့တယ်၊

“ကျွန်မအပြင်ကိုသွားရင်လူတွေက ကျွန်မကိုအရမ်း စူးစူးစိတ်စိတ်ကြည့်ကြတယ်၊အရင်တုန်းကတော့ ဒါတွေကိုထိန့်လန့်ခဲ့တယ် ၊ ရင်မဆိုင်ရဲ ဘူး ၊ဒါပေမယ့် ကျွန်မသေချာပြန်စဉ်းစားကြည့်တယ် ငါသိမ်ငယ်နေတာလားပေါ့၊အဲဒီစိတ်တွေကို ချေဖျက်ဖို့ ကျွန်မဆုံးဖြတ်
လိုက်တယ်၊ကျွန်မကိုကြည့်နေတဲ့ သူတွေဆီကိုကျွန်မကိုယ်တိုင်သွားပြီး
နှုတ်ဆက်တယ်၊ကျွန်မရဲ့ လိဒ်စာကဒ်တွေကိုပေးတယ်၊ကျွန်မနာမည် Lizzie ပါ၊ဒါနဲ့မိတ်ဆွေ ကျွန်မကို စူးစူးစိုက်စိုက်ကြည့်နေတာလေးကိုရပ်ပေးပြီး ကျွန်မကိုလေ့လာတဲ့မျက်လုံးနဲ့ပဲကြည့်ပေးပါ“

သူ့ကိုကြည့်တဲ့လူတိုင်းကို သူ့ကိုယ်သူမိတ်ဆက်တဲ့နည်းနဲ့ ရဲရဲ ဝံ့ဝံ့ ရင်ဆိုင်ခဲ့ပါတယ်၊အဲဒီအတွက်ယုံကြည့်မှုတွေပိုရှိလာတယ်။
သူမ ဟာနေ့စဉ် ၁၅ မိနစ်မှ မိနစ် ၂၀ အတွင်း အစာစားရင်း တစ်နေ့တာကိုဖြတ်သန်းရပါတယ်၊

ဒါပေမယ့်စားသမျှအစားစာတွေက အဟာရမဖြစ်စေပါဘူး၊ မထိန်းသိမ်းပေးဘူး၊ဝစေတဲ့အဆီဓာတ်မရရှိဘူး၊ဒါကြောင့်ခန္ဓ
ကိုယ်ဟာအရမ်းကိုသေးငယ်တဲ့အပြင်၊ရောဂါကြောင့်သူမအသက် လေးနှစ်
အရွယ်မှာ ညာဘက်မျက်လုံးဆုံးရှုံးခဲ့ပါတယ်၊
အခုသူမှဟာ ဘယ်ဘက်မျက်လုံးတစ်ဖက် တည်းနဲ့သာစာရေးပြီးဘဝကို
ဖြတ်သန်းနေရရသူပါ။

ကဲ..ဒီတော့ ကျွန်တော်တို့တွေကိုယ်အင်္ဂါပြည့်စုံနေရဲ့သားနဲ့ မလုပ်နိုင်ပါဘူး ဆိုပြီး ဘယ်လောက်တောင်တွေဝေအချိန်ကုန်ခဲ့ကြပြီလဲ။

"ဘဝမှာ လူတိုင်းဟာမပြည့်စုံနိုင်ပါဘူး၊လိုအပ်ချက်တွေ အနည်းနဲ့အများ ကိုယ်စီရှိကြမှာပါ။ပညာတတ်တဲ့သူတိုင်းဟာ မချမ်းသာသလို၊ချမ်းသာတဲ့ သူတိုင်းလည်း ပညာတတ်ဖြစ်ချင်မှဖြစ်မှာပါ။ရုပ်ချောမှသာလျှင် အိမ်ထောင်ကျရမယ်ဆိုရင် မယ်စကြာဝဋ္ဌာတို့လိုအမျိုးအသမီးတွေ အပျိုကြီးဆိုတာရှိလာမှာမဟုတ်ပါဘူး။ရုပ်ချောတိုင်း စိတ်မလှသလို ၊ စိတ်လှတဲ့ လူတိုင်းလည်း ရုပ်မချောနိုင်ပါဘူး။အရာရာအားလုံးကို
ပြောင်းလည်းပြီးပြည့်စုံစေချင်တယ်ဆိုရင် တော့ အရည်ချင်းကသာသင့်ဘဝ
အတွက် အကောင်းမွန်ဆုံးလင်းလက်စေပါလိမ့်မယ့်"Lizzie ရဲ့ ပြောစကားပါ။

အရည်ချင်းကသာလျှင် လူတစ်ယောက်ရဲ့ တန်ဖိုးကို လင်းလက်စေတယ် ဆိုတဲ့ Lizzie ရဲ့ ပြောစကား၊သူမရဲ့ ကြိုးစားလုပ်ဆောင်ချက်တွေက တွေဝေ အချိန်ကုန်ပြီး မကြိုးစားခဲ့တဲ့ကျွန်တော်တို့တွေအတွက်တော့ သင်ခန်းစာ တစ်ခုအနေနဲ့ ရရှိစေမယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ရပါတယ်။

ခွန်နေ(August Myanmar Media Group)

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

♥♥♥နှင်းစက်♥♥♥



."အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ
ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
(midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline
ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ
ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့
နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို
မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို
ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို
စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့
chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊
မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။
မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး
သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို
ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို
နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online
ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ
ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်
ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို
ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊
အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ
တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး
ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို
လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ
ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။
ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ
ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို
သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး
သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။
မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား
ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။
တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ
အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို
ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး
သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..
တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်
လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်
ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"
ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်
အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို
ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ
လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက်
အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ
အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ
အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ
မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး
ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး
လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း
တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်
ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို
တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့
မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း
ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။
ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို
ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။
ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က
လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို
မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ
မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့်
လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို
မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ
ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့်
သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။
ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင်
ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။
သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင်
သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ
ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။
ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။
သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင်
သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်
ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော
စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်
တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။

သော်တာမောင်
မဖတ်ရသေးတဲ့သူတွေဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ်။ ဘယ်သူရေးထားတာလဲတော့မသိပါဘူး

ပြီးပါပြီ

Friday 16 August 2013

သည်ပုံပြင်သည်...ပုံပြင်ဖြစ်ပါသည်..

တစ်ခါက မဖြစ်နိုင်တဲ့အရာတွေကို တောင့်တပြီးနေတဲ့လူတွေဟာ ရွာကြီးတစ်ရွာမှာစုပြီး နေထိုင်သတဲ့…..
အဲဒီရွာအမည်ကတော့ "မဖြစ်နိုင်ရွာကြီး" ပေါ့ ။
အဲဒီရွာမှာနေနေကြတဲ့သူတွေဟာ တစ်ကယ်တော့ အဲဒီရွာမှာ နေချင်ကြတာ မဟုတ်ဘူး။ အမြဲတမ်း ထွက်သွားချင်စိတ်တွေက လူတိုင်းလူတိုင်းမှာ ရှိနေကြတယ်။ မနေချင်ပဲနဲ့ ဘာဖြစ်လို့ နေနေကြတာလဲလို့ မေးစရာတော့ရှိပါရဲ့…။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ဒီရွာကိုရောက်လာရတဲ့ အကြောင်းအရင်းက ဘယ်သူ့ရဲ့အတင်းအကြပ်စေခိုင်းမှုမပါပဲ သူတို့ဘာသာ ရောက်လာကြလို့ပဲ။ ဒါပေမယ့် ထွက်သွားချင်တိုင်း ထွက်သွားလို့တော့မရဘူး။
ဘာကြောင့်ထွက်သွားလို့မရတာလဲ… မေးစရာထပ်ရှိပါရဲ့။ အဲဒါက ဘာဖြစ်လို့လဲဆိုပြန်တော့ သူတို့ကိုယ်တိုင်ကပဲ ကျေကျေနပ်နပ်ကြီး ထွက်မသွားကြတာပဲ။ ဖတ်ရတာ ရှုပ်သွားပြီ ထင်တယ်။ ဒါဆို ဥပမာတစ်ခု ပေးကြည့်မယ်။ လူတစ်ယောက် အမှားလုပ်ခဲ့ပြီဆိုပါစို့…. အဲဒီလူက ပြစ်မှု အသေးအကြီး အလိုက်ထောင်ထဲ (သို့)အချုပ်ထဲမှာနေသင့်သလောက်နေရမယ်။ ပြစ်မှုသေးရင်အချိန်မကြာဘူး ပြစ်မှု ကြီးရင်အချိန်ကြာမယ်။ ဒီလိုပဲ… ဒါပေမယ့် သူတို့က အပြစ်လုပ်ထားကြတာမဟုတ်ဘူး။ ဒါကြောင့်ထောင်ထဲမှာ နေရသလိုလဲ မဟုတ်ပြန်ဘူး။ သူတို့ကစိတ်ကူးနဲ့ပိတ်မိနေတာ။ ဒါ့ကြောင့် စိတ်ကူးနဲ့ပဲ ပြန်ထွက်လို့ရတဲ့အထိ စောင့်နေတာပေါ့။ ဒါကလည်း အချိန်အကန့်အသတ်မရှိဘူး။ အဲ… ထွက်လို့ရရင်တော့ သူတို့ပျော်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ကူးတွေ ပြည့်တဲ့နေ့ဖြစ်နေလို့လေ….။ ဒါပေမယ့် ထွက်လို့မရသေးသရွေ့လည်း သူတို့ စိတ်မညစ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာစိတ်ကူးတွေရှိနေကြဆဲ မို့လို့ပေါ့။
ဒီလောက်ဆို သဘောပေါက်လောက်မယ် ထင်တယ်။ မပေါက်လဲ ဖြည်းဖြည်းချင်းဆက်ရှင်းသွားကြတာပေါ့….နော်….။ ဘာပဲဖြစ်ဖြစ် သူတို့က မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်တဲ့သူတွေဆိုတာပါပဲ။
တစ်နေ့ကျတော့ အဲဒီရွာကြီးမှာ အစည်းအဝေးပွဲတစ်ပွဲ ကျင်းပတယ်။ အစည်းအဝေးဆိုပေမယ့် သူများတွေလို မေ့လောက်မှကျင်းပတဲ့ပွဲမဟုတ်ဘူး။ တစ်လတစ်ခါလုပ်တဲ့ပွဲ ။ အဲ့… အခြေအနေတွေ တစ်မျိုးသိသိသာသာ ပြောင်းလဲခဲ့ရင်တော့ ရက်မရွေးပဲ ချက်ချင်း ကျင်းပတာမျိုးလဲရှိတယ်။ ပြောရရင် မူတော့မမှန်ဘူးပေါ့။ ဒါပေမယ့် လူကတော့မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာရဲ့ လူတွေအကုန်လုံးက ဒီအစည်းအဝေးပွဲကို အမြဲတမ်းစိတ်ဝင်တစား စောင့်နေကြလို့ပဲ။ သူတို့အတွက် အဲဒီ အစည်းအဝေးပွဲဟာ သတင်းကြေငြာတဲ့ပွဲဆိုလည်း ဟုတ်တယ်။ အခန့်သင့်လို့ စိတ်ကူးတွေဖြစ်လာခဲ့ပြီဆိုလည်း သူတို့ ဒီရွာက ထွက်သွားရမယ့်ပွဲလည်း ဖြစ်တယ်။ ပြီးတော့ ဒီမဖြစ်နိုင် ရွာကြီးရဲ့ ရွာသူကြီးဆိုတဲ့ ခေါင်းဆောင်ရွေးပွဲ ဆိုလည်း ဟုတ်တယ်။ ဒီတော့ မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အမိုးမိုးပြီး လာကြတာပေါ့။
အဲ… ခေါင်းဆောင်ဆိုလို့ ပြောရအုံးမယ်။
အဲဒီရွာရဲ့ ရွာသူကြီးရွေးနည်းက ဆန်းတယ်လို့ပြောလည်းရတယ်။ မဆန်းဘူးလို့ပြောလည်းရတယ်။ ရွေးပုံက သူများရွာတွေလို သမာသမတ်ရှိရှိ လုပ်ရည်ကိုင်ရည်ရှိရှိ အမြော်အမြင်နဲ့ ပြည့်စုံသူတွေ ဘာတွေနဲ့ ရှည်ရှည် ဝေးဝေး စဉ်းစားတာမဟုတ်ဘူး။ ဒီမဖြစ်နိုင် ရွာမှာနေထိုင်သူတွေထဲက မဖြစ်နို်င်ဆုံး စိတ်ကူးယဉ်သူတစ်ယောက်ကို ရွေးပြီး ရွာသူကြီးအဖြစ်ခန့်လိုက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူကမှ ရွာက ထွက်သွားနိုင်ခြေ အနည်းဆုံးပဲ မဟုတ်လား။
ပြီးရော…..။
ဒါမှသူတို့ရွာမှာ ကြာကြာရှည်ရှည်အုပ်ချုပ်နိုင်မှာပေါ့။ ဒါ့ကြောင့် သူ့စိတ်ကူးက လုံးဝ မဖြစ်နိုင်ရင် အဲဒီလူက ဆရာကြီးပဲ…….။
ကဲ…..။ ဒီလိုနဲ့ အစည်းအဝေးကျင်းပတဲ့ အချိန်ရောက်ပြီပေါ့။ အဲဒီ မဖြစ်နိုင်ရွာကြီးရဲ့ အစည်းအဝေးအတွက် သက်သက်ဆောက်ထားတဲ့အိမ် အိမ်ဆိုပေမယ့် ဘာမှမရှိတော့ ဟောကြီးပေါ့။ အဲဒီဟောကြီးထဲမှာတော့ လူတွေက ရုတ်စု ရုတ်စုနဲ့ တစ်ရွာလုံးနီးပါး အပြည့်ပဲ။ တစ်ချို့က သူတို့ရဲ့ မဖြစ်နိုင်တဲ့စိတ်ကူးလေးတွေ ပြည့်တော့မှာလား ဒါမှမဟုတ် ပြည့်နေပြီလား အစရှိတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တစ်ချို့ကတော့ ကိုယ့်စိတ်ကူးကို ကိုယ်သိနေပြီးသားပဲဖြစ်လို့ ထွေထွေ ထူးထူးမဟုတ်တော့ပါဘူး။ ပြီးတော့ အခြေအနေထူးလို့လုပ်တဲ့ကြားဖြတ် အစည်းအဝေးပွဲမဟုတ်တော့ အများစုက သာမာန်ရိုးကျပဲ။ ဘယ်သူတွေလူသစ်ဝင်တယ် အဲဒီထဲကမှ ဘယ်သူက ထပ်ထူးပြီး ခေါင်းဆောင်ဖြစ်မှာလဲ စသည်ဖြင့်လောက်ပါပဲ။ အဓိကက သူတို့က ဒါတွေကို နားထောင်ချင်ယုံလောက်ပါ။
သြော်.. အချိန်ရတုန်း ဒီဟောခန်းမကြီးရဲ့ ပုံသဏ္ဍာန်ကို ရှင်းပြရဦးမယ်။ အရင်ဆုံးဒီဟောခန်းမကြီးရဲ့ တည်ဆောက်ထားပုံကို ရှင်းပြမယ်။ တည်ဆောက်ထားပုံက ရိုးရိုးပါပဲ။ ၀င်ပေါက်တစ်ခုရှိတယ်။ ထွက်ပေါက် တစ်ခုရှိတယ်။ အလယ်မှာတိုင်တွေရှိပြီးတော့ တိုင်တွေရဲ့အဆုံးမှာ လူဆယ်ယောက်လောက် ဟောပြောလို့ရတဲ့ စင်တစ်ခုရှိတယ်။
ဒါပဲ…..
ဟင်…. ဒါပဲဆိုတော့ ဘာများထူးဆန်းလဲလို့ မေးစရာရှိမယ်။ ပြောပြပါ့မယ်။ ဒီအဆောက်အအုံရဲ့ ထူးခြားချက်က (1)နာရီမိုင်(400)နှုန်း တိုက်ခတ်တဲ့ မုန်တိုင်းထက်ပြင်းတယ့် လေဒဏ်ကို ခံနိုင်ရည်ရှိတယ်။ (2)မိနစ်ကို မိုင်(30)နှုန်း စီးဆင်းတဲ့ရေရဲ့တိုက်စားမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်။ ပြီးတော့ ငလျှင်လှုပ်လေ ပိုခိုင်လေတဲ့။
ဘယ့်နှယ့်လဲ.. မထူးဆန်းဘူးလား…
မဖြစ်နိုင်ဘူးမပြောနဲ့ ဒီထက်ထူးဆန်းတာ ပြောပြဦးမယ်။ ဒီအဆောက်အအုံကို ဆောက်သွားတာ ကမ္ဘာအရှည်ဆုံး ပင်လယ်ကူးတံတားကို တိုင်မထောင်ပဲ ဆောက်သွားသူတဲ့။ နာမည်တော့ မပြောတော့ဘူး။ (မှားမှာကြောက်လို့မဟုတ်ဘူးနော် မမှန်မှာစိုးလို့)။။။
ကဲ.. သူလည်း ဒီရွာမှာနေသွားတာပဲ။ လစ်သွားတာ သိပ်မကြာသေးဘူးဆိုပဲ။ ထားပါတော့… ဟောရဲ့နံရံမှာလည်းကြည့်ဦး။ ဒီရွာမှာနေပြီး အချိန်တန်တော့ ထွက်ခွာသွားကြတဲ့သူတွေကို ဓာတ်ပုံမှန်ဘောင်တွေနဲ့ စာတန်းတွေထိုးပြီး ဂုဏ်ပြုသလိုလို နှုတ်ဆက်သလိုလို ကြွားဝါသလိုလို လုပ်ပြီး ချိတ်ထားကြသေးတယ်။
ဘာတဲ့…. သောမက်အယ်ဒီဆင်တဲ့ နောက်တစ်ခုကတော့ ရိုက်ညီနောင် နောက်… ဂရေဟမ်ဘဲလ် နောက်ရေငုပ်သင်္ဘောတီထွင်ခဲ့တဲ့သူ ဘယ်သူ ရေးတော့ရေးထားတယ်။ စာတွေက နှစ်တွေကြာပြီဆိုတော့ မှုန်ဝါးဝါးဖြစ်နေလို့။ (အလကား ဒီတစ်ခါတော့ တစ်ကယ် မေ့တာ)
ထားပါတော့…… စသည်စသည်ဖြင့်ပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီရွာရဲ့ပုံရိပ်က ဘယ်လောက်ကြီးမားတယ် ဆိုတာ ခန့်မှန်းလို့ရလောက်ပြီပေါ့။ ဒါဆို ရှေ့ကအကြောင်းအရာလည်း တစ်ဖြည်းဖြည်းနားလည်လောက်ပြီ ထင်တယ်နော်။
အဲဒီအချိန်မှာပဲ မဖြစ်နိုင်ရွာရဲ့ ရွာသူကြီးဝင်လာတာကြောင့် ရုတ်စုရုတ်စုဖြစ်တာကနေ အုပ်စုအုပ်စု ဖြစ်သွားတယ်။ ရွာသူကြီးကလည်း ရွာသူကြီးသာဖြစ်နေတာ တစ်ကယ်တော့ သေးသေးလေး။ သေးတာမှ နပိုလီယံ တစ်ဝက်သာသာလောက်ကို သေးတာ။ ဒါပေမယ့် နပိုလီယံတော့မဟုတ်ဘူးနော်။ နပိုလီယံက ဒီရွာနဲ့ ဆန့်ကျင်ဘက်ပဲ။
ရွာသူကြီးဝင်လာပြီး ခဏကြာတော့ တစ်ခါမှမမြင်ဖူးတဲ့ လူလေးငါးယောက်က လိုက်ဝင်လာပြီး စင်ပေါ်တက်ကာ နေရာယူလိုက်တယ်။ အဲဒီသူစိမ်းတွေကို ကြည့်ပြီး ဒါသူတို့ရွာကို အသစ်ရောက်လာကြတဲ့သူတွေ ဆိုတာ မပြောပဲနဲ့သိလိုက်ကြတယ်။ အဲဒီထဲကမှ ထူးထူးဆန်းဆန်းပုံစံနဲ့ ကောင်လေးတစ်ယောက်ကို သူတို့ပိုပြီး သတိပြုမိလိုက်ကြတယ်။ အဲဒီကောင်လေးက မှုန်မှိုင်းတဲ့မျက်လုံးအစုံနဲ့…။ စိတ်ဓာတ်ကျနေတဲ့ပုံစံလည်းမဟုတ်ဘူး။ ဒါပေမယ့် စိတ်ဓာတ်တက်ကြွနေတဲ့ ပုံစံလည်းမဟုတ်ပြန်ဘူး။ ထူးထူးခြားခြားအားလုံးထက်သူကို အားလုံးကစိတ်ဝင်စားသွားတယ်။ အထူးသဖြင့် ဒီကောင်လေး ဘယ်လိုမျိုး မဖြစ်နိုင်တဲ့ကိစ္စကို စိတ်ကူးယဉ်မိလည်းပေါ့။
သူတို့အကဲခတ်နေစဉ်မှာပဲ ရွာလူကြီးက မိန့်ခွန်းတွေကို စပြောတယ်။ ထုံးစံအတိုင်းပဲပေါ့။ ရွာကြီးရဲ့သမိုင်းကြောင်း။ ဒီရွာကို သူဘယ်နှစ်ခုနှစ်က စတင်ပြီးရွာသူကြီးလုပ်ခဲ့တဲ့အကြောင်း၊ ခုဆို တော်တော်ကြာနေပြီဖြစ်ကြောင်း၊ ကြာမှာပေါ့…. သူ့ရဲ့မဖြစ်နိုင်တဲ့စိတ်ကူးက လုံးဝကိုမဖြစ်နိုင်တာ။
ကြုံလို့ပြောရဦးမယ် သူ့စိတ်ကူးကို။ ဒီနပိုလီယံ တစ်ဝက်လောက်တောင်မရှိလို့စင်ပေါ်မှာ ခုံအထပ်ထပ်ဆင့်ပြီးပြောနေရတဲ့သူက ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံး သူဖြစ်ချင်တာတဲ့။ 4နှစ်ကလေးအရွယ်ဆိုဖြစ်နိုင်ပါရဲ့။ ဒါပေမယ့်သူ့အသက်က အခုဆို 30ကျော်နေပြီဆိုတော့….။ ဟင်း…. မဖြစ်နိုင်ရွာရဲ့ခေါင်းဆောင်ဖြစ်နေတာ ဆန်းတော့မဆန်းပါဘူး။
ထားပါတော့…. ဆက်ပြောရဦးမယ်။ အဲဒီလူသေးသလောက်စကားများတဲ့ ရွာသူကြီးက သူ့ရဲ့အကြောင်းတွေလည်းပြီးရော ဒီအတောအတွင်း ရွာကထွက်သွားတဲ့ လူတွေအကြောင်းကို ဆက်ပြောတော့တာပဲ။ ဒါကလည်း သူမပြောလည်း သိပြီးသားတွေ။ မသိတဲ့သူတွေလည်း အခုအချိန်မှာ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံး စင်ပေါ်က မျက်ဝန်းမှုန်မှိုင်းမှိုင်းနဲ့ ကောင်လေးကို စိတ်ဝင်စားနေတာကိုး။ သူတို့စိတ်ထဲမှာ လောလောဆယ်ပြင်းပြင်းပြပြဖြစ်နေတာက ဒီကောင်လေးရဲ့ စိတ်ကူးပဲ။ ဒါ့ကြောင့် လူသစ်တွေနဲ့မိတ်ဆက်ပေးတဲ့အစီအစဉ်ကိုပဲ သူတို့စိတ်မရှည်စွာနဲ့ စောင့်ဆိုင်းနေရတာပေါ့။ နောက်ဆုံးတော့ သူတို့မျှော်လင့်ခဲ့တဲ့ အချိန်ရောက်လာပါတယ်။ ကောင်လေးက နောက်ဆုံးဖြစ်တာကြောင့် သူတို့ တော်တော်လေးတော့ စောင့်လိုက်ရတယ်။ အလှည့်ရောက်လာတော့ အားလုံးရဲ့စိတ်ဝင်စားမှုက အဆုံးစွန်ထိ ဖြစ်သွား ကြတာပေါ့။ အဲဒီမှာပဲ ရွာသူကြီးရဲ့ မေးခွန်းက ဖြေးဖြေးချင်း ထွက်လာတယ်။
“ အရင်ဆုံး နာမည်လေး အားလုံးကို ပြောပြပေးပါ…..”
ကောင်လေးက မျက်လုံးမှိုင်းမှိုင်းနဲ့ အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး ရှေ့ကိုထွက်လာတယ်။ ရှေ့ကမေးခွန်း အားလုံးကို ကြားဖူးပြီးသားဖြစ်တော့ အဆင်သင့်ဖြစ်နေသလိုဖြစ်နေတယ်။ ရွာသားတွေကတော့ အပ်ကျသံတောင် မကြားရအောင်ကို တိတ်ဆိတ်လို့။ ကုန်ကုန်ပြောရရင် အသစ်ဝင်လာတဲ့အချင်းချင်းထဲမှာတောင် ကောင်လေးကို သိသိသာသာကြီး ငေးကြည့်နေကြတယ်။ သေချာတာက သူတို့လည်း ထူးဆန်းတာတွေထဲက ထူးဆန်းတဲ့စိတ်ကူး တစ်ခုကို မြင်တွေ့ချင်လို့ပဲ။
“ ကျွန်တော့် နာမည် ပုံပြင်ပါ…”
အားလုံးတီးတိုးတီးတိုးဖြစ်သွားကြတာပေါ့။ နောက်ပြီး ပွစိပွစိတွေလည်းဖြစ်ကုန်တယ်။ ကောင်လေးက သက်ပြင်း တစ်ချက်ချပြီးဆက်ပြောတယ်။
“ တစ်ကယ်တော့ ကျွန်တော့ဆုံးဖြတ်ချက်က မပီပြင်သေးပါဘူး ဒီမဖြစ်နိုင်ရွာကြီးကို လာဖို့ကိုပေါ့။ ဒါပေမယ့် ကျွန်တော် ဒီကိုရောက်မှန်းမသိ တစ်ဖြည်းဖြည်းရောက်လာခဲ့တယ်။ အထူးသဖြင့် ကျွန်တော်သူ့အကြောင်း စဉ်းစားမိတဲ့အခါမျိုး။ ကျွန်တော့်သူ့အကြောင်း ရေးသားမိတဲ့အခါမျိုးပေါ့..”
ကောင်လေးမျက်လုံးက ပိုပြီးမှောင်မည်းသွားတယ်။ အဲဒီမှာတင် လူအုပ်ထဲကလူတစ်ယောက်ရဲ့ အသံ ထွက်လာပါလေရော။
“ ဟေ့…..ကောင်လေး ဖြစ်နိုင်ရင် အကြောင်းအရာတွေကို မပြောပါနဲ့ အကြောင်းအရင်းကိုပဲ ခပ်မြန်မြန်လေး ပြောစမ်းပါ..”
“ ဟုတ်တယ်… ဟုတ်တယ်… မြန်မြန်လေးပြောပါ… ငါတို့မင်းရဲ့စိတ်ကူးကို သိချင်တယ်…..”
“ဟုတ်တယ်……..သိချင်တယ်……”
ဆက်တိုက်ဆိုသလို တစ်စွန်းတစကနေ ညီတူအသံတွေပါ ထွက်လာတာကြောင့် ကောင်လေး နည်းနည်းအံ့သြပြီး တွေဝေသလို ဖြစ်သွားတယ်။ တစ်ကယ်တမ်းကျတော့ သူစဉ်းစားမိသွားတာပါ။ ဘာကြောင့်လဲဆိုတော့ ကောင်လေးကိုယ်တိုင်ပြောခဲ့တဲ့ သူဆိုတဲ့ အကြောင်းလေ။
နည်းနည်းဆူဆူညံညံ အုတ်အုတ်ကျက်ကျက်ဖြစ်သွားတာ ကြောင့် ရွာသူကြီးလက်ထောင်ပြီး ရပ်ဖို့တားတယ်။ သိတဲ့အတိုင်း အရပ်ကပုနေတော့ ဘယ်သူမှမမြင်ဘူး။ ဒါပေမယ့် အသံတွေ အုပ်သွားပါတယ်။ အဲဒီတော့မှ ကောင်လေးက ခေါင်းတစ်ချက်ငြိမ့်ပြီး
“ ဟုတ်ကဲ့… ကျွန်တော် ဒါကိုပဲမျှော်လင့်တာပါ ဖြစ်နိုင်ရင်မတောင်းဆိုပဲနဲ့တောင် ကျွန်တော်ပြောပြဖို့စိတ်ကူး ရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့စိတ်ကူးယဉ်မှုက ကျွန်တော့်ဘက်က သေချာသလောက် အရာအားလုံးက မှုန်ဝါးဝါး ဖြစ်နေတာပဲ။ ဒ့ါကြောင့် ဒီရွာရဲ့မဖြစ်နိုင်တဲ့စိတ်ကူးယဉ်သူတွေအားလုံး ကျွန်တော့်စိတ်ကူးကို ၀ိုင်းဝန်း အဖြေရှာပေးဖို့ တောင်းဆိုချင်ပါတယ်…”
အားလုံးပိုပြီး တိတ်ဆိတ်သွားသည်။ အဓိပ္ပာယ်က အဖြေရှာမပေးချင်လို့မဟုတ်။ အကောင်းဆုံးတွေထွက်လာရန် အားလုံးအာရုံစုစည်းလိုက်ခြင်းသာ။ ကောင်လေးက အားလုံးကိုမကြည့်တော့ပဲ တစ်နေရာကို ငေးမောလိုက်တယ် နောက်မသိမသာ လှုပ်ခါနေတဲ့အသံတိုးတိုးနဲ့။
“ ကျွန်တော် ကောင်မလေးတစ်ယောက်ကိုချစ်တယ်…….”
မျှော်လင့်ထားသလို ထူးဆန်းနေတဲ့စကားတစ်ချို့တစ်ဝက်ကြောင့် အားလုံးအသက်မျှင်းမျှင်းရှူသံပဲ ကြားရတော့တယ်။ သေချာတာက သူတို့ထင်သလို ကောင်လေးစိတ်ကူးက သူတို့နဲ့မတူတာ သေချာနေပြီ။ မဖြစ်နိုင်တဲ့ စိတ်ကူးချင်းတောင်မှ လက်တွေ့ကျခြင်းလက်တွေ့မကျခြင်းဆိုတာရှိသလို အဲဒီလက်တွေ့ကျမကျ အထဲမှာမှေ၀၀ါးတာနဲ့ မေ၀၀ါးတာရှိသေးတာပဲ။ ကောင်လေးရဲ့စိတ်ကူးက ဘယ်လိုပါလဲ။ ခဏငြိမ်သက်သွားတဲ့ ကောင်လေးက ဆက်ပြီး……
“ ဒါကျွန်တော့်ဘက်က အသေအချာပဲ… ဒါပေမယ့်… သူ… ကျွန်တော့်ကို ပြန်ချစ်သလားမသေချာဘူး… တစ်ကယ်လို့သာ သူကျွန်တော်ကိုပြန်မချစ်ခဲ့ရင် ကျွန်တော်ဟာ မဖြစ်နိုင်တဲ့အရာကို စိတ်ကူးယဉ်သူတစ်ယောက်ပေါ့… ကျွန်တော် ဒ့ါကြောင့် ဒီကို တစ်ဖြည်းဖြည်းနဲ့ရောက်လာခဲ့တာ…..”
အားလုံးရဲ့ သက်ပြင်းတွေအချင်းချင်း ထိတွေ့ကုန်ကြတယ်။ တစ်ကယ်တော့ ရိုးရိုးလေးပဲ။ ဒါပေမယ့် ဒီကိစ္စက ဘောင်တစ်ခုထဲကို သွတ်သွင်းဖို့ ကျန်ရှိသေးတာ အားလုံးပဲ သတိမမူမိကြဘူး။ ဟုတ်တယ် ဒီကိစ္စသာ ပြဌာန်းလိုက်ရင် ဒီမဖြစ်နိုင်ရွာကြီးက တစ်ကမ္ဘာလုံး အနှံ့ကြီးထွားသွားလိမ့်မယ်။ ခုတော့ကောင်လေးကြောင့် သူတို့ စဉ်းစားမိသွားပြီ။ ဒါပေမယ့် ဘာပြန်ပြောရမလဲ အားလုံးက မသိကြတော့ဘူး။ မဖြစ်နိုင်တဲ့ စိတ်ကူးအကြီးကြီးကူးထားတဲ့ ရွာသူကြီးလဲ ပုသထက်ပုဝင်သွားတယ်။ တိတိကျကျပြောရရင် ငြိမ်သက်ခြင်းက တစ်မိနစ်တိတိ သွားကြာတယ်။ နှလုံးအတွက် ဆိုရင် အဲ့ဒါသေဆုံးဖို့အတွက် လုံလောက်တဲ့အချိန်ပဲ။ ဒါပေမယ့် သူတို့အားလုံးအသက်ဝင်လာပါတယ်။
“ ကျုပ်တစ်ခုလောက် ပြောချင်ပါတယ်… “
လက်ထောင်တဲ့လူတစ်ယောက် လူအုပ်ထဲက ထွက်လာတယ်။ ရွာသူကြီးက ကမန်းကတန်းပဲ လက်ထောင်ကာ ခွင့်ပြုလိုက်တယ်။ သူလည်းစိတ်စောနေပြီကိုး… ကြာရင်သူ့သိက္ခာနိမ့်နိမ့်က စင်အောက်ကို အသံတောင်မကြားရပဲ ပြုတ်ကျလိမ့်မယ်။ အဲဒီလူက လက်ကိုပြန်ရုတ်လိုက်တယ်။ နောက်လူအုပ်ထဲကပဲ……..
“ ကျုပ်အခုမှ အပြင်ကပြန်လာတာ…. အဲဒီကောင်လေးကိစ္စမပြောခင် သတင်းတစ်ခုကို အရင်ပြောချင်တယ်…. ဒီကနေ တော်တော်ဝေးတဲ့နိုင်ငံမှ ဟော်မုန်းကို အမျိုးမျိုးပြောင်းလဲလို့ရတဲ့ ဆေးနည်းတစ်မျိုးကို စမ်းသပ်အောင်မြင်သွားပြီတဲ့.. အဲဒီရဲ့အကျိုးသက်ရောက်မှုကတော့ အရမ်းဝလွန်းသူကို ချက်ချင်းပိန်သွားအောင် ပြုလုပ်ပေးနိုင်တယ်… ပိန်လွန်းသူကို လည်း ချက်ချင်းပဲ ရက်ပိုင်းတွင်းဝအောင် ပြုလုပ်ပေးနိုင်တယ်…. အဲ အရပ်ရှည်တဲ့သူကို ပုသွားအောင် လုပ်မပေးနိုင်ပေမယ့် ပုတဲ့သူကိုတော့ ရက်ပိုင်းလပိုင်းအတွင်း ရှည်သွားအောင် ဘယ်အသက်အရွယ်မဆို ပြုလုပ်ပေးနိုင်တယ်တဲ့…”
ဘာ………………..
ဘာပြောကောင်းမလဲ စကားတောင်မဆုံးသေးဘူး။ အသံနက်ကြီးနဲ့အော်ဟစ်ပြီး မတ်ခနဲဖြစ်သွားသူက ရွာသူကြီး။ ရှိနေတဲ့အရပ်လေးတောင် လက်မ၀က်လောက် ဆန့်ထွက်သွားသလိုပဲ။
“ ဘာ… ပြောတယ်… မင်း… မင်းပြောတာအမှန်ပဲလား….”
လူအုပ်ထဲက လူကခေါင်းညိမ့်တယ်။ မြင်တော့ မမြင်ရပါဘူး။ ဒါပေမယ့် ညိမ့်တယ်လို့ပဲ အားလုံးက ယူဆလိုက်တယ်။ ဘာလို့လဲဆိုတော့ ရွာလူကြီးကပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကိုး…။
“ ဟာ… ဒါ… ဒါဆို….. ငါ့…ငါ့ရဲ့..စိတ်ကူး……”
ရွာသူကြီး အသံထပ်မထွက်လာတော့ဘူး။ လူပဲထွက်သွားတာ လှိမ့်ခနဲပဲ။ တိုနေတဲ့ခြေထောက်လေးတောင် မမြင်ရတော့ဘူး။ ဒါပေမယ့် အားလုံးပဲ နားလည်လိုက်ပါတယ်။ သူတို့ဆိုရင်လည်း ဒီလိုပဲဖြစ်မှာပဲ။ စစချင်းကတည်းက ပြောသားပဲ သူတို့က ဒီရွာမှာနေချင်လို့ နေနေကြတာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ ဒီဟောခန်းမှာ နောက်ထပ်အမည်စာရင်းတစ်ခု တိုးလာတော့မှာသေချာပြီပေါ့။ ခဏကြာတော့ လူအုပ်ထဲက လူက စကားပြန်စတယ်။ ဒီတော့မှ အားလုံးလည်း ကောင်လေးကိစ္စကို ပြန်ပြီး အာရုံရောက်မိကြတယ်။
“ ကျုပ်ပြောချင်တာ အဲဒါပဲ ဒီမဖြစ်နိုင်ရွာကြီးမှာရှိတဲ့ စိတ်ကူးယဉ်သူအားလုံးမှာ တူညီချက်တစ်ခုရှိကြတယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်စိတ်ကူးတွေဖြစ်ဖြစ် စိတ်ကူးတွေကို ကိုယ့်ဘာသာကိုယ်ပဲဖန်တီးကြတယ်။ ကိုယ့်ဘာသာကိုယ်ပဲ ကျေနပ်ကြတယ်။ နောက်ဆုံး ကိုယ့်ဘာသာကိုယ်ပဲ ကိုယ့်စိတ်ကူးတွေကို ဖြစ်မြောက်အောင် လုပ်သွားကြတယ်။ ဘယ်သူ့ပယောဂမှမပါသလို ဘယ်သူ့ဆုံးဖြတ်ချက်မှလည်း မပါဘူး။ မဖြစ်နိုင်တဲ့သူချင်း ဆက်နွယ်မှုတစ်ခုတော့ ရှိတာပေါ့လေ.. ဒါ့ကြောင့်လည်း ကျွန်တော်တို့ဒီလို နေထိုင်နိုင်တော့ပေါ့။ ပြီးတော့ ဒီလိုလည်း ထွက်သွားနိုင်တာပေါ့။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီကောင်လေးရဲ့ကိစ္စကို အားလုံးစဉ်းစားပေးနိုင်ကြလိမ့်မယ်ထင်တယ်….”
အားလုံးမဖြေနိုင်ကြဘူး…။
ကောင်လေးလည်း အခုမှ စိတ်ဝင်တစားနဲ့ အသံလာရာကိုစူးစမ်းတယ်။ အခုထက်ထိ အသံရှင်ကို မမြင်ရသေးဘူး။ ပြောရရင် လက်ထောင်တာကလွဲလို့ ဘယ်သူမှ အသံရှင်ကို မမြင်ရဘူး။ အသံကလည်းဟိုနေရာလို ဒီနေရာလို ကိုယ့်ဘေးနားကလိုလို ထွက်ပေါ်နေတာ။
“ ခင်ဗျားကဘယ်သူလဲ…. ခင်ဗျားပြောသလိုဆို ဘယ်သူ့ပယောဂမှမပါပဲနဲ့ ကျွန်တော်သူ့ကိုချစ်တယ်.. ဒါပေမယ့် ဘာဖြစ်လို့ ခင်ဗျားတို့လို မသေချာနိုင်ရတာလဲ.. ဘယ်ကိစ္စကေ၀၀ါးနေတာလဲ… ဒါကျွန်တော့်ဘက်က မဟုတ်တာတော့ သေချာတယ်…”
“ ဟုတ်ပါတယ်.. ငါတို့အားလုံးလဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် သေချာနေတာပဲ။ ဒါပေမယ့် ဒီကိစ္စကတော့ မင်းရဲ့စိတ်ကူး သက်သက်ဖြစ်နေတယ်။ ပြောရရင် တစ်ခြားသူရဲ့ပယောဂမပါပေမယ့် ဆုံးဖြတ်ချက်တွေပါဝင်နေတယ်။ ဒါကမင်းနဲ့ ငါတို့ရဲကွာခြားချက်ပဲ…”
“ ဘယ်လိုဆုံးဖြတ်ချက်လဲ……”
မှုန်မှိုင်းနေတဲ့မျက်ဝန်းတွေ လှဲကျင်းလိုက်သလို ဖြစ်လာပြီး ကောင်လေးရှေ့တစ်လှမ်းတိုးလိုက်တယ်။
“ မင်းကို ဒီမဖြစ်နိုင်ရွာသားတစ်ယောက် ဖြစ်လာမဖြစ်လာကိုပေါ့……”
“ ကျွန်တော်အခုဒီရောက်နေပြီမဟုတ်လား… ဘာကထပ်ပြီး လိုအပ်နေသေးလို့လဲ…..”
အလျှင်လိုတဲ့မေးခွန်းကို အသံရှင်က တည်တည်ငြိမ်ငြိမ်ပဲ
“ ဒီမှာကောင်လေး……. စိတ်ကူးယဉ်ရုံနဲ့ ဒီရွာကို ရောက်ဖို့ဆိုရင် မင်းစိတ်စောတာထက်ပိုပြီး အကောင်းမမြင်တတ်တဲ့ လူဖြစ်သွားလိမ့်မယ်။ ပြီးတော့ငါတို့အားလုံးကလည်း အဲဒီလောက် အကျိုးအကြောင်း မခိုင်လုံသူတွေ မဟုတ်ဘူးကွ။ ဒီတော့ကွာ… မင်းနားလည်အောင်ပဲ မေးလိုက်မယ်။ မင်းက ကောင်မလေး တစ်ယောက်ချစ်တယ်.. အဲဒါနဲ့ ပတ်သက်ပြီး အဲဒီကောင်မလေးရဲ့သဘောထားကို မင်းသိရပြီလား….”
ဒီတစ်ခါတိတ်ဆိတ်သွားသူက ကောင်လေးဖြစ်သွားတယ်။ ဟုတ်တယ် သူမဖြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူအဲတာကိုမှ သေချာအောင် မလုပ်ခဲ့တာ။ ဒါနဲ့များ သူဒီကို တစ်ဖြည်းဖြည်းနဲ့ရောက်ခဲ့သေးတယ်။
“ ဒါဆို………….”
“ ဆန္ဒမစောနဲ့ဦးကောင်လေး…. မင်းကို ဒီမဖြစ်နိုင်ရွာသားမဟုတ်ဘူးလို့ တစ်ခွန်းမှ မပြောမိသေးဘူး။ အခန့်မသင့်ရင် မင်းက ဒီရွာသားမကဘူး တစ်သက်လုံးလုပ်ရမယ့် ရွာသူကြီးပါ ဖြစ်သွားနိုင်တယ်။ အခုမင်းက မျဉ်းကြောင်းတစ်ကြောင်း ပေါ်မှာပဲ…”
အားလုံးကမတိုင်ပင်ပဲ လစ်လပ်သွားတဲ့ သူကြီးနေရာကို ကြည့်ကြတယ်…
ကောင်လေးငိုင်ကျသွားတယ် ဒါပေမယ့် စိတ်ပျက်လက်ပျက်နဲ့ ငိုင်ကျသွားတာမျိုးမဟုတ်ဘူး။ မျှော်လင့်ချက်တစ်ခုကို စဉ်းစားရင်းငိုင်ကျသွားတာ။ ခဏကြာမှ သူဘာလုပ်ရမလဲ သိသွားတယ်။ လူအုပ်ထဲကို ဝေ့ကြည့်လိုက်တော့ ခုနက မမြင်ရတဲ့ အသံရှင်ကလည်း အခုလည်း မမြင်ရပါဘူး။ ဒါ့ကြောင့်ခြေလှမ်းတွေကိုပဲ သူရွှေ့လိုက်တယ်။ ဖြည်းဖြည်းချင်း နောက်မြန်မြန်ဆန်ဆန်ပေါ့။
အားလုံးက ငြိမ်လည်းမငြိမ်ကြဘူး။ ဆုလည်းမတောင်းပေးကြဘူး။ ဒီလိုနဲ့…. ကောင်လေးနှုတ်ကပဲ….
ကောင်မလေးရေ မင်းကြားတဲ့အတိုင်းပဲ…..။ ငါဟာမျဉ်းတစ်ကြောင်းပေါ်မှာပါ…။ မင်းရဲ့ဆုံးဖြတ်ချက်က ငါရွာသူကြီးတစ်ယောက် ဖြစ်သွားနိုင်တယ်ဆိုရင် မင်းရယ်မှာလား…။ ငါကတော့ မရောက်ချင်ပေမယ့် သွားရရင်လည်း ပျော်မှာပဲ….။ မဖြစ်နိုင်ရွာမှာ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ရင်းနဲ့ပေါ့….။ အဲဒီအဖြေအတွက် ငါအရောက်လာခဲ့မယ်…. မျဉ်းကြောင်းပေါ်က ငါ့ကို မင်းရဲ့စကားတစ်ခွန်းနဲ့ လုပ်ချင်ရာလုပ်လိုက်ပါ…..။
ငါကတော့……….လေ……..
နေကောင်းကင်နီ(ပုံပြင်)
ဖတ်ခဲ့သူများ: 23
အကြောင်းအရာ: ၀ထ္တုတို