Powered By Blogger

Monday 27 August 2012


ဒေါသလျော့ပါးစေသည့်နည်းလမ်းများ

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ စာအုပ်ထဲမှ  ကောက်နုတ်ဖော်ပြပေးတာဖြစ်ပါတယ်.
အားလုံးကို ဖတ်စေချင်တဲ့ဆန္ဒတခုတည်းနဲ့မျှဝေပေးတာ ဖြစ်ပါတယ်. ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါနော်……
 
၁။         သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ။ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန်  မလုံလောက်လို့စောင့်နေရတဲ့အခါမှာ စိတ်တိုတတ်တယ်.

၂။         သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ။ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုရတာ မဖြစ်အောင်နော်.

၃။         ကတိအကြွေးတွေဟာစိတ်ကို ပင်ပန်းစေတယ်. ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ ကတိအတိုင်း မတတ်နိုင်တဲ့အခါ စိတ်ဆင်းရဲရတယ် .စိတ်တိုရတယ်. ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ဒေါသဖြစ်တယ်. 

၎။         မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ကိုက်ညီဖို့ လိုတယ် . ကိုယ့်ရည်မှန်းချက် ကို နဲနဲချင်းတဖြေးဖြေးမြှင့်ပါ။

၅။         ကိုယ့်အတွက် အရေးကြီးတဲ့ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီးတော့ ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကို လုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်. ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးသွားရင် စိတ်ပေါ့ပါးသွားလို့ နောက်လုပ်စရာ သိပ်အရေးမကြီးတာတွေကို လုပ်ဖို့် အားတက်လာတယ်.

၆။         စနစ်တကျ လုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်.အမှားနည်း
တယ် . စိတ်ပင်ပန်းရတာ လူပင်ပန်းရတာ နည်းတယ်.

ရ။         ကိုယ်နေတဲ့နေရာ၊ ကိုယ်အလုပ်လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းအောင် သပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။ ရှုပ်ထွေးညစ်ပတ်နံစော်နေတဲ့ နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

ဂ။         စိတ်ကြည်လင်မှုကို ဖျက်ဆီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာ မရှိပါစေနဲ့။ နံရံပေါ်မှာစာအုပ်စင်ပေါ်မှာ အလုပ်စားပွဲပေါ်မှာ စိတ်ကို အနှောက်အယှက်ပေးနိုင်တဲ့နေရာတွေကို မရှိပါစေနဲ့။
စိတ်တိုစရာကိစ္စ စိတ်ညစ်စရာကိစ္စကို အဟောင်းကိုအသစ်ဖြစ်အောင်လုပ်မယ့်ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာ ကောင်းတယ်.

ရ။         အနံ့အသက်ဆိုးတွေ၊မီးခိုးတွေ၊ ဆူညံသံတွေမရှိအောင် လုပ်နိုင်ရင်ကောင်းတယ်. မရှိအောင်  မတတ်နိုင်ရင်တော့နည်းနိုင်သမျှနည်းအောင် လုပ်ပါ။

၉။         စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို   တတ်နိုင်သလောက် မပြောပဲနေတာကောင်း တယ်.အထူးသဖြင့်သူများမကောင်းကြောင်းမပြောပဲနေတာကောင်းတယ်.ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာ မဟုတ်ကြောင်းပြောကိုပဲ အေးအေးဆေးဆေးပြောပြီး သူမကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထားလိုက်တာက ပိုကောင်းတယ်.
                    
၁၀။       စိတ်အနှောက်အယှက်ဖြစ်ရတာ နည်းချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။အခက်အခဲရှိလို့
ပြောချင်ရင် တကယ်ကောင်းတဲ့အကြံမျိုးကို ပေးနိုင်မယ့် သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှမပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ပြောရင် ကိုယ်ပါစိတ်ဓာတ်ကျမယ်. စိုးရိမ်စိတ်တွေများလာမယ်.စိတ်ပင်ပန်းမယ်.ကိုယ်
လုပ်မယ့် အလုပ်မျိုးကို လုပ်နေတဲ့သူ. အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲ ကို နားလည်မယ်.ဒါကြောင့် ဘယ်သူနဲ့တိုင်ပင်မယ်ဆိုတာကို သေသေချာချာစဉ်းစားပါ။

၁၁။       အေးအေးဆေးဆေးပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်. အလျင်လိုနေရင် စိတ်မရှည်ဘူး။အလျင်လိုနေလျှင်အမှားများ
တယ်. မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်. ဒါကြောင့် စိတ်ရှည်ရှည် နဲ့ သေသေချာချာတိတိကျကျ လုပ်တတ်တဲ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။
 
၁၂။       လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကို သဘောကျသွားအောင် ဘာတွေပေးမယ်၊ဘာတွေလုပ်ပေးမယ်. ဘယ်လိုအခွင့်အရေးတွေပေးမယ် .ဆိုတာမျိုးကို မစားရ ၀ခမန်းမပြောပါနဲ့။တကယ်ပေးနိုင်မှ တကယ်လုပ်ပေးနိုင်မှ ပြောပါ။ ပေးနိုင်တာထက် နဲနဲလျှော့ပြောတာကောင်းတယ်။

၁၃။       အရေးမကြီးတာတွေကို ညင်းတာခုံတာ မလုပ်ပါနဲ့။ ညင်းကြခုံကြရင်း ရန်ဖြစ်တာ မုန်းရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များတယ်. ဒါကြောင့် အရေးကြီးတဲ့အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်း မပြောသင့်ဘူး. မေးတိုင်းလည်းမဖြေသင့်ဘူး.

၁၄။       အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကိုသူသိလာအောင် စောင့်သင့်တယ်. ကိုယ်မှန်တိုင်း ၀င်ပြောပြီ အနိုင်မယူသင့်ဘူး.

၁၅။       လူတွေအပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ.သူတို့ကို နားလည်ဖို့ကြိုးစားပါ. ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့.တဖက်သားပြောချင်တာကို ဂရုတစိုက် နားထောင်ပါ. သူ့စိတ်ထဲမှာ
ပြောချင်နေတာကို ပြောခွင့်ပေးပါ။

၁၆။       အရေးမကြီးတဲ့ရပိုင်ခွင့်တချို့ကို မရမကရအောင် မလုပ်ပါနဲ့။သူ့တက်အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ကိစ္စလေးကို မရမကလုပ်ရင်းနဲ့ အဆင်မပြေဖြစ်ရရင် အချိန်ကုန်လူပန်းပြီး တခြားပိုပြီးအကျိုးရှိတဲ့အလုပ်တွေပျက်တာပဲ အဖက်တင်မယ်. အသေးအမွှား ရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမကရအောင် လုပ်နေရင် ကိုယ့်စိတ်ထားပါနိမ့်ကျသွားတယ်။

၁၇။       လူတွေရဲ့ကောင်းတဲ့အချက်လေတွေကို မကြာမကြာတွေးပါ. အထူးသဖြင့် လူတယောက်ကို မကျေမနပ်ဖြစ်နေရင် သူ့အကြောင်းကောင်းတာလေးတွေကို တွေးဖြစ်အောင်တွေးပါ။
 
 
ကိုယ့်ဒေါသကိုကိုယ်သိပြီး ထိန်းနိုင်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်မှုရှိတဲ့သူ၊ စိတ်ချမ်းသာတဲ့သူတွေ ဖြစ်ကြပါစေ။

@ Fwd Mail

Wednesday 22 August 2012


" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)

" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)

အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို
တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ
မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ် 
အားလုံး ဗဟုသုတ ရစေတာပေါ့နော်


သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။

- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သုတ်ပေးလိုက်တာနှင့် ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။

- ဒီနည်းလေးကတော့ အရိုးရှင်းဆုံးနည်းလမ်းလေး တစ်ခုပါ
- ပြီးတော့ သင့်အတွက်လည်း မပင်ပန်းစေမယ့် နည်းလမ်းလေးပါ
- နေ့တိုင်းမဟုတ်သည့်တိုင် တစ်ပတ်ကို ( 4 ) ရက်လောက် တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ။
Views: 145
အမျိုးအစား: ဗဟုသုတ


 

သားရေ ..ဒီနေ့ဟာ သားရဲ့ ၁၃ နှစ်မြောက်မွေးနေ့ဖြစ်တယ် ..။မေမေ သားအတွက် သားအလိုချင်ခဲ့ဆုံးလက်ဆောင်လေး ဒီကနေ့တော့ပေးတော့မယ် ..။ဒီအတိုင်းတော့မပေးချင်ဘူးသားလေးရယ် ..။ မေမေနဲ့ စကားပြောရင်း မေမေံလက်ဆောင်လေး သားကို ပြမယ် ..။ ဟော ..ဟန်တောင်မဆောင်နိုင်အောင် သားလေးဝမ်းသာနေတယ်ပေါ့..။

အင်းပေါ့လေ ..သားက ကလေးလေးပဲရှိသေးတာကိုး ..သားမှာဖြူစင်မှုလေးတွေ ရှိတယ် ..။ သားပျော်နေမယ်ဆိုတာမေမေ သိနေတယ်သားလေး..။ဒီလိုပဲလူတွေဟာ ကိုယ်လိုချင်တာရတော့မယ်ဆိုရင်အသက်အရွယ်မရွေး ကလေးလေးတစ်ယောက်လို ပျော်ရွှင်လာတတ်ကြတယ်သားရေ ..။

သားလေးအကြိမ်ကြိမ်ပူဆာခဲ့ဖူးတယ်နော် .."မေမေ ..သား စက်ဘီးစီးချင်တယ်.. ဝယ်ပေးပါနော် " တဲ့..။ မေမေ မဝယ်ပေးဖြစ်ခဲ့ဘူး သားလေး ရယ်..။ ခုတော့ မေ မေ ဝယ်ပေးသင့်ပြီလို့ ဆုံးဖြတ်လိုက်တယ် ..။ ကြည့်.. ငါ့ သားလေး ဟာလေ .. ပျော်လာရင်ပဲဖြစ်ဖြစ် သဘောကျရင်ပဲဖြစ်ဖြစ် မျက်လုံးလေးတွေက ပြုံး ပြီး ပါးစပ်ကြီး ကို မစေ့နိုင်တော့ဘူး ..။ ကဲ..လာ ..သွားကြည့်ကြရအောင် ..။ အပြာရောင် အသစ်စက်စက် စက်ဘီးလေးတစ်စီး ကတော့ အိမ်ရှေ့ က ခြံဝင်းထဲမှာ ဒေါက်ထောက်ရက်လေး ငြိမ်သက်ဝင့်ထည်စွာနဲ့ ပိုင်ရှင် လေး ကို စောင့်ကြိုနေလေရဲ့..။

စက်ဘီးလေးကိုမြင်လိုက်ရတယ်ဆိုရင်ဘဲ ..ဟန်တောင်မဆောင်နိုင်အောင် စက်ဘီးလေးရှိရာကိုပြေးသွားတဲ့ သားလေးကျောပြင်ကိုကျွန်မကြည့်ရင်း ရင်ထဲမှာသားလေးနဲ့ ထပ်တူပျော်နေမိတယ်..။ စိုးရိမ်စိတ်တွေကတော့ တားမရဆီးမရနဲ့ ငါများမှားပီလားဆိုတဲ့အတ္တဆန်ဆန်အတွေး ကို အတင်းဖယ်ပစ်နေရတာ.. ပင်ပန်းလိုက်တာ..။


စက်ဘီးကိုဒီအရွယ်ထိရောက်တာတောင် မစီးတတ်သေးတဲ့ သားကိုသူငယ်ချင်းတွေဝိုင်းစတော့ငိုပြီး အမေ ကို လာပြန်တိုင် ရင်း အပြစ်တင်စကားပြောလာတတ်နေတဲ့သားလေး..။မေမေစိုးရိမ်လို့ပါသားရယ်..။မေမေမွေးတုန်းက မှဲ့လေးတစ်ပေါက်တောင်မပါတဲ့သားလေး ဒဏ်ရာအနာတရဖြစ်မှာစိုးရိမ်ခဲ့မိလို့ပါ...။ခုတော့မေမေ အဲဒီလိုတွေး ပြီးစိုးရိမ်နေဖို့မသင့်တော့ဘူးဆိုတာ မေမေ သိပါတယ်..။ သားရေ..မေမေသားကိုစက်ဘီးစီးသင်ပေးမယ်နော် ..။

သား.. စက်ဘီးလေး ကိုကြည့်စမ်းပါ..။ သူကဘီးကနှစ်ဘီးထဲဆိုတော့ သူ့ ဘာသာ မရပ်နိုင် ဘူးနော် ..ဒေါက်ကလေးထောက်မှရပ်ထားနိုင်တယ်..ဒါမှမဟုတ်ဒေါက်ကျိုးသွားရင် တိုင်တစ်တိုင် နံရံတစ်ခုခုမှာသွားမှီထားရတယ် .. ။ သားလေး သေချာနားထောင်ပေးနော် ..။ မေမေတို့ လူတွေဟာလည်း တစ်ယောက်ထဲ ရပ်တည်ဖို့မဖြစ်နိုင်ဘူးသား..အမှီကောင်းကောင်းရှိရတယ်..မိဘ၊မောင်နှမ၊ဆွေမျိုးအသိုင်းအဝန်း.၊သူငယ်ချင်းကောင်းတွေရှိမှ လူတစ်ယောက်ရဲ့ ဘဝဟာကောင်းမွန်င်္စွာရပ်တည်လို့ ရတတ်တာမို့ ..သူတို့တွေကိုဘယ်တော့မှမပစ်ပယ်လိုက်ပါနဲ့ သားရယ်နော်..။


နောက်..စက်ဘီးလက်ကိုင်လေးကိုကြည့်ပါအုံးသားရယ် .. ဒီစက်ဘီးလက်ကိုင်လေးက ဘယ်ညာကွေ့တဲ့နေရာအသုံးဝင်သလိုလမ်းတစ်လမ်းကို ဖြောင့်တန်းစွာသွားတဲ့နေရာမှာလည်းအသုံးဝင်တာပေါ့သား..။ ဒါဟာလေဘာနဲ့တူသလဲဆိုတော့သားသင်ယူခဲ့တဲ့ အတန်းပညာတွေ နဲ့မေမေတို့ဘာသာတရားအဆုံးအမ တွေ ထဲက အသိပညာနဲ့တူတယ်..။ ဘီးလေးနှစ်ဘီးထဲမို့လူတစ်ယောက်ဝိတ်ကိုထိန်းရင်းရမ်းခါနေတဲ့စက်ဘီး ကို ဒီလက်ကိုင်ကလေး နဲ့ မယိမ်းမယိုင်သွားရအောင်ထိန်း သလိုပေါ့သားရယ်..သားရဲ့ဘဝလမ်းတစ်လျှောက်ကို သားသိမှတ်ခဲ့တဲ့ အသိပညာတွေနဲ့ သားဘဝကိုလိုသလို ထိန်းကျောင်းရင်းလမ်းမှန် ရောက်အောင်နင်းပါနော်သား..။


သားလေးစက်ဘီးပေါ်တက်တော့..ခုတော့မေမေထိန်းကိုင်ပေးမယ်..သားဖြည်းဖြည်းနင်းကြည့်နော် ..။ဒီလိုဘဲသားရယ် ..မေမေက သားအနားမှာ အမြဲ နေပြီး ခုလိုထိန်းကျောင်းပေးဖို့နောက်ဆို မလိုတော့ဘူး.. သားဒီစက်ဘီးလေးကိုနင်းတတ်တဲ့အချိန် မေမေက သားဘာသာ နင်းပြီးထွက်သွားတာကိုကြည့်ပြီးကျန်နေခဲ့ရတော့မှာ ..။လမ်းမှာ ကျင်းတွေချိုင့်တွေ ကိုတွေ့လိမ့်မယ်သား .. သေချာ ရှောင်နင်းပါနော်သားလေး..။ဒီလိုဘဲဘဝမှာ လဲ မကောင်းတဲ့နေရာတွေ ကိုရှောင်ကွင်း ပြီး သာသွားပါ သားလေးရယ်နော် ..။

သားရေ ..နောက်ဆို သား က ကျွမ်းကျင်လာရင် စက်ဘီး ကို အမြန်နင်းလာလိမ့်မယ် ..ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ပေါ့ ..။ ဒါပေမယ့်သားလေး.. ဘယ်အရာမဆိုပြိုင်ပွဲ သာမဟုတ်ရင် ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ပါသားရယ် ..ဒါဟာအမှားအနည်းဆုံးနဲ့အထိရောက်ဆုံး အန္တရယ်အကင်းဆုံး ပါပဲ ..။

အရင်ကဆို သားလေးက မေမေ့နောက်မှာမေ့ ခါးကိုဖက်ပြီး ငြိမ်လိုက်တတ်တဲံ့ သားလေး က ..နောက်ဆို ..သားနောက်မှာသားခါးလေးကိုဖက်ပြီးစီးမယ့် ကောင်မလေးတစ်ယောက်ပါလာ တော့မှာ.. ဟော..သားက ဒါကျတော့လဲရှက်သွားလိုက်တာ..။ ဟုတ်တယ်လေ..သားရဲ့ ..မေမေ့တုန်းကလဲ သားလေးနောက်မှာပါလာတော့ သားလေးဘေးရန်မသီအောင်မေမေဂရုစိုက်နင်းခဲ့ရတာ ..မေမေသွားရာသားလိုက်ခဲ့သလို..သားလေးသွားရာ လိုက်မယ့်သူလေးအပေါ် သားက ဘေးမသီရန်မခ ကာကွယ်ပေးဖို့ တာဝန်ရှိလာမှာနော် ..။

သားလေး ဘယ်ကိုကွေ့မယ်ဆိုရင်ဘဲဖြစ်ဖြစ်ညာကိုကွေ့မယ်ဆိုရင်ပဲဖြစ်ဖြစ် နောက်ကိုအရင်လှည့်ကြည့်ဖြစ်အောင်လှည့်ကြည့်ပြီးမှကွေ့ သလို ..လက်ကိုင်ပေါ်ကဘဲလ်လေး ကိုတီး ပြီး ရှေ့ ကိုလည်းသတိပေးရမယ် နော် ..။ ဘဝမှာလည်း အချိုးအကွေ့ရောက်တိုင်း နောက်ကိုလှည့်ကြည့်ပါအုံးသားရယ် သားနောက်မှာ သားကို ကြည့်ပြီးလိုက်လာမယ့်လူတွေ ရှိသေးတယ်လေ..ရှေ့ ကိုလည်း သတိမပြတ်စေနဲ့ပေါ့ .. ဘာအန္တရယ်ကြုံရမလဲဆိုတာ ကြိုမသိနိုင်ဘူးလေ..။ ဟုတ်ပြီ သားလေး .. တော်တော်စီးတတ်လာပြီ ..မေမေ လက်လွှတ်လိုက်ပြီနော် ...။

ကျွန်မ မျက်စေ့ရှေ့မှာ ရမ်းတမ်းရမ်းတမ်းနဲ့ထွက်သွားတဲ့ စက်ဘီးလေးနဲ့ သား ကို စိုးရိမ်ကြီးစွာစောင့်ကြည့်နေမိနေချိန်မှာဘဲ .." ဝုန်း" ဆိုတဲ့ အသံနဲ့ သားလေးပေါ်မှာစက်ဘီး ကအုပ်ရက်သားလေးလဲနေတဲ့သားကိုငိုမဲ့မဲ့လေးတွေ့ ရ ပါတော့တယ် .. ရင်ထဲမှာ ဒုန်းကနဲမြည်ဟီး သွားပေမယ့် ..ကျွန်မ ခြေ တစ်လှမ်းမှမရွေ့ လိုက်ပါဘူး .. အတော်စိတ်ကိုတင်းထားလိုက်ရပါတယ် .." သားလေး .. ပြန် ထ ပြီး ဆက်စီး ပါ သား.. ဒီလိုဘဲ ဘဝ မှာတစ်ချို့သင်ခန်းစာတွေ က သွေးမထွက်ဘဲ မနာကျင်ဘဲ သင်လို့ မရဘူး သားလေ..ထ ..နာကျင်တာကိုမေ့ပြီး ရအောင်ဆက်စီး ပါ သား ရေ " လို့ တုန်ယင်နေတဲ့ အသံ ကိုထိန်းရင်း အားပေးလိုက်တယ်..။

သိပ်မကြာပါဘူး သားလေး စက်ဘီးကို ကောင်းကောင်းထိန်းပြီးစီးရင်း ကျွန်မနဲ့ဝေးသထက်ဝေး ရာ ကို ပျော်ရွှင်စွာ စီးနင်းသွားပါတော့တယ် ..။

တစ်နေ့တော့ ကျွန် မ ကြုံ ရမယ့် အရာ ကို ကျွန်မ ကောင်းကောင်းနားလည်ပါတယ် ..။ခုတော့ ..ကျွန်မ သားလေးပြန်အလာ ကို စောင့်နေခွင့် ရှိပါသေးတယ်နော် ...။

လေးစားကျေးဇူးတင်လျက်
မနတ်သမီး
78 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : ရသ

အစာအိမ်ရောဂါသည်များအတွက် သတင်းကောင်း။

အစာအိမ်ရောဂါသည်များအတွက် သတင်းကောင်း။
(မချွင်လေး-ပါရီ)

အစာအိမ်ရောဂါသည်များအတွက် သတင်းကောင်း။
   Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါ များဖြစ်ပွါးလာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာမသိခဲ့ကြပါဘူး။ အစာအိမ် အနာ ဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ်အနာပိုဆိုးစေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသရာမှာလည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်။

H. pylori ပိုး ဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေးပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေက တစ်ဆင့် ကူးဆက် တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည် တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာ အိမ်ရောဂါ လက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ တွေ့ရပါ တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစ မှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။


H. pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင် တာ ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း ဒူအိုဒီနန် (Duodenum)  မှာ အနာဖြစ်ရင် အူသိမ်အနာ (Duodenal ucler) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြ ပါတယ်။

အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှ သွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံ ပေါက် သည်အထိဖြစ်နိုင်ပါတယ်။ (နာမည် ကျော်အဆိုတော် စိုင်းထီးစိုင်း အစာအိမ်အနာမှ သွေးထွက်ပြီးသေဆုံး ခဲ့တယ်လို့သိရပါတယ်။)

အစာအိမ်အနာ (stomach ulcer)
H.pylori ဘက်တီးရီးယားများနှင့်အစာအိမ်နာ
အစာအိမ်တွင်တွေ့ရသော H.pylori ပိုးများ

H.pylori ပိုး
H. pylori ပိုးများအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။

H. pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။ H. pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ ၀မ်းမှာ စမ်းသပ်နိုင်ပါတယ်။

H. pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့ amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်း ပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက် ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာကို ပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာ စားသောက်တဲ့အခါမှာ သန့်ရှင်းလတ်ဆတ်စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ် (Drug resistant) နေကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ပိုးသေစေတဲ့ဆေး (Drug sensitive) သောက်ဖို့လိုအပ်ပါတယ်။

    အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကိုရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း ၊အခြားဆေးဖြင့်ပြောင်းလဲခြင်း များပြုလုပ်ရပါမယ်။

တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း ကြောင့်ပျောက် ကင်းကြောင်း ဖေါ်ပြထားပါတယ်။


အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာတော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင်း။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင်ကြောင်း ရေးသား ထား ပါတယ်။
ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ ဆေးရုံဟောင်း) မှာ တစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့ အနာသက် သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစားရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ်စားရင် ဖြစ်ဖြစ် ရင်ခေါင်းက အောင့်လာပြီး အနှိပ်သည်ဘုကို ရင်ခေါင်းအောက်မှာ  ထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်း ဘာဆေးမှ မသောက်ပဲ ပျောက်သွားတယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲ မနာတော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာ သောက်လေ့ ရှိပါ တယ်။

     ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့ လက်သုံး ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကို သိရ ပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့ နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက်ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။
ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့။ http://lannthit.burmapress.com/2011/06/05/294

ဖတ်သင့်သောအခြားပိုစ့်များမှကောက်နုတ်ချက်များ။
ခေတ်နဲ့အတူ အစားအသောက်ပြုလုပ်ပုံ၊ စားသောက်ပုံများ ပြောင်းလဲလာခြင်းကြောင့် အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါများလည်း ပြောင်းလဲလာပါတယ်။

စားသုံးသီးနှံများစိုက်ပျိုးရာ၌ဓါတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများ သုံးစွဲခြင်း၊ အစားအစာများတွင် ဆိုးဆေးများ အသုံးပြုလာခြင်း၊ အလွယ်တကူ အသင့်စားသုံး  နိုင်သောအစာ (Fast Food) များ စားသုံးလာခြင်း များကြောင့် အစာအိမ်ရောဂါအပြင် အခြားသော ခေတ်ပေါ်ရောဂါများဖြစ်ပွါးလာပါတယ်။

ရင်ညွှန့်တွင် ပူလောင်သော နာကျင်မှုကို ခံစားရပြီး အစာစားချိန် လွန်လျှင် သိသာစွာ နာကျင်ကာ အစာကို စားလိုက်ပါက သက်သာသွားလျှင် ၄င်းလက္ခဏာ သည် အစာအိမ်အနာနှင့် သက်ဆိုင်သော လက္ခဏာများ ဖြစ်သည်။

အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာဖြစ်သောအကြောင်းအရင်းများ
၁။ H. Pylori ရောဂါပိုးရှိခြင်း။
၂။ အကိုက်အခဲပျောက်ဆေးများကို အစာမပါပဲ သောက်ခြင်း။
၃။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း။
၎။ အပူအစပ် အသုပ်နှင့် လက်လုပ်ချဉ်များ စားခြင်း။
၅။ အစာစားချိန် မမှန်ခြင်း။
၆။ ကော်ဖီ၊လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်း။
၇။ စိတ်ဖိစီးမှုများခြင်း။
H. Pylori ရောဂါပိုး

၎င်းပိုးများသည် အစာအိမ်ကဲ့သို့ သော အက်ဆစ် ထုတ်လုပ်သည့် ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်နိုင်ရန် အတွက် Urease Enzyme ကို ထုတ်လုပ်ပြီး အစာအိမ်၏ pH ပမာဏကို Alkaline ဖြစ်အောင်လုပ်၍ အစာအိမ်အတွင်း ရှင်သန် နေထိုင်ကြသည်။ H. Pylori ပိုးအမျိုးအစား အမျိုးမျိုးရှိ၍ ရောဂါပေးစွမ်းနိုင်သော ဗီဇပါရှိမှု ကွာခြားသဖြင့် ရောဂါဖြစ်မှုလည်း ကွာခြား နိုင်ပေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၂၀ ကျော်သော လူဦးရေ၏ ၈၀% မှာ H. Pylori ပိုး ကူးစက်ခံနေရပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀ % မှ ၅၀ % ရှိကြောင်းတွေ့ရသည်။ လေ့လာမှုများအရလူကြီးဘဝထက် ကလေး ဘဝတွင် ကူးစက်ခံရမှု ပိုများကြောင်းတွေ့ရှိရသည်။ H. Pylori ပိုးကူးစက်မှုများစေသော အဓိက အချက်နှစ်ချက်မှာ လူမှုစီးပွားရေးနိမ့်ကျမှုနှင့် ပညာရေးနည်းပါးမှု တို့ ပင်ဖြစ်သည်။ အခြားဖြစ်နိုင်သော အချက် များမှာ အိမ်တွင်လူဦးရေများခြင်း၊ မသန့်ရှင်းသောပတ်ဝန်း ကျင်တွင် နေထိုင်ရခြင်း၊ မသန့်ရှင်းသောရေနှင့် အစား အသောက်၊ ရောဂါပိုးရှိသောလူများ၏ အန်ဖက်များနှင့် ထိတွေ့မိခြင်းတို့ဖြစ်သည်။

အကိုက်အခဲပျောက်ဆေးများ

လူအများ ယေဘုယျအသုံးများဆုံးဆေးများမှာ အကိုက်အခဲပျောက်ဆေးများပင်ဖြစ်သည်။ ဆေးဆိုင် များ တွင်လည်း အကိုက်အခဲပျောက်ဆေးများမှာ အရောင်း သွက်လှပေသည်။ အရပ်အခေါ် ကိုယ်ပူကျဆေး၊ ဖျားနာပျောက်ဆေးများသည်လည်း အကိုက်အခဲပျောက်ဆေး အုပ်စုဝင်များသာဖြစ်သည်။ အကိုက်အခဲပျောက် ဆေးများ၏ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကြောင့် နှစ်စဉ်လူပေါင်း နှစ်သောင်းခန့် သေဆုံးလျှက်ရှိ သည်။ အကိုက်ခဲပျောက်ဆေး (NSAID) များသည် Prostaglandins ထွက်ရှိမှုကို ပိတ်ထားခြင်းဖြင့် နာကျင်မှု ကို သက်သာစေသည်။

    ၎င်း Prostanglandins များသည် အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ကောင်းမွန်ခိုင်မာနေစေရန် ထိန်းသိမ်းပေးထားသည်။ အကိုက်ခဲ ပျောက်ဆေး (NSAID) များကြောင့် Prostanglandins များ နည်းလာသောအခါ အစာအိမ်နံရံပေါ်ရှိ ချွဲမြှေးလွှာများ ပျက်စီးလွယ်၍ အစာအိမ်အနာ ဖြစ်ပေါ် စေ သည်။ ထို့အ ပြင် အကိုက်ခဲပျောက်ဆေး (NSAID) များသည် အက်ဆစ်အပျော့ စားလေးများ ဖြစ် သောကြောင့် အစာအိမ်နံရံ ပေါ်ရှိ ချွှဲမြှေးလွှာများကို တိုက်ရိုက်နည်းအားဖြင့်လည်း ပျက်စီးစေသည်။ Asprin ကဲ့သို့သော ဆေးများကို နေ့စဉ် ၇၅ မီလီဂရမ်ခန့် သောက်သုံးခြင်းသည်ပင် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည်ကို တွေ့ရှိရသည်။အသက်အရွယ်ကြီးခြင်း၊ အစာအိမ် အနာဖြစ်ဖူးခြင်း၊ စတီးရွိုက်ဆေး၊ သွေးကျဲဆေးများနှင့် တွဲသောက် ခြင်း၊ အကိုက်ခဲပျောက်ဆေး ပမာဏများခြင်း၊ အကိုက်ခဲ ပျောက်ဆေး နှစ်မျိုးသုံးမျိုးတို့ကိုတွဲလျက်သောက်ခြင်းတို့သည် အစာအိမ်အနာ ဖြစ်စေနိုင်သော အကြောင်း များဖြစ်သည်။

အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည်လည်း အစာအိမ်ရောဂါကို ဖြစ်စေသော အကြောင်းတစ်ခုဖြစ်သည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ် မသောက်သူများထက် အစာအိမ်အနာ ပိုမိုဖြစ်ပွားရုံသာမက အနာအကျက်နှေးခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ပိုမိုဖြစ်ပွားလွယ်ခြင်းတို့ကိုပါ တွေ့ရှိရသည်။ ဆေးလိပ်မှ ထွက်သော အန္တရာယ်ရှိသော ဒြပ်ပေါင်းများသည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီး လွယ်စေသည်။

အရက်သောက်ခြင်းသည် အစာချေရည် (Gastric Acid) ကို ပိုမိုထွက်စေသည်။ အစာချေရည်သည် အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများ ပျက်စီးစေရာတွင် အဓိကအခန်းမှ ပါဝင်သည်။ အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွှာများသည် အစာအိမ်နံရံများကို အဓိက ကာကွယ်ပေးထားသူများ ဖြစ်သည်။ ၎င်း အစာအိမ် နံရံပေါ်ရှိ ချွှဲမြှေးလွာများ ခိုင်ခံမှု အားနည်းစေသော အကြောင်းများ အားလုံးသည် အစာအိမ်အနာကို ဖြစ်ပေါ်စေနိုင်သည်။

အစားအသောက်များနှင့် အစာစားချိန်

အစာအိမ်အနာဖြစ်စေသော အကြောင်းများတွင် အစားအသောက်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ အစာမကြေ လွယ်သောအစာများ၊ အပူအစပ်များ၊ လက်လုပ်ချဉ်များသည် အစာအိမ်ကို ဒုက္ခပေးနိုင်သော အစားအစာများဖြစ်သည်။ ကော်ဖီသည် အစာမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများကို ပျော့ပျောင်းစေသဖြင့် လေချဉ်တက်ခြင်း ကိုပိုမိုဖြစ်စေနိုင်သည်။ အစာလွန်ခြင်း၊ အစာစား ချိန်မမှန်ခြင်းတို့သည် အစာချေရည်များမှ အစာအိမ်နံရံ ချွဲမြှေးလွှာများကို ပျက်စီးစေခြင်းဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။ စိတ်ဖိစီးမှုများလွန်းခြင်းသည်လည်း အစာစားချင်စိတ် မရှိခြင်း၊ အစာစားချိန်မမှန်ခြင်း၊ ဆေးလိပ်နှင့် အရက် သောက်ဖြစ်လွယ်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် အစာအိမ်အနာ ဖြစ်ပွားစေနိုင်သည်။

အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်နာရောဂါ လက္ခဏာများ

ဗိုက်နာဗိုက်အောင့်ခြင်း၊ ရင်ခေါင်းပူခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်းတို့သည် အစာအိမ်ရောင်ခြင်းနှင့် အစာအိမ်အနာရောဂါ လက္ခဏာများ ဖြစ်သည်။ ဗိုက်နာဗိုက်အောင့်ခြင်းသည် ရင်ညွှန့် အနားတစ်ဝိုက်တွင်ဖြစ်ပြီး ပူလောင်သော သို့မဟုတ် ကိုက်ဖြတ်ခံနေရသော နာကျင်မှုမျိုးဖြစ်သည်။ ကျောနှင့် ရင် ညှပ်အောင့်သည်ဟုလည်း လူနာများကပြောပြတတ်သည်။ ၎င်းနာကျင်မှုသည် အစာစားလျှင် သက်သာ ခြင်း၊ ပိုဆိုးခြင်းရှိပါက အစာအိမ်ရောဂါလက္ခဏာဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

အစာအိမ် သွေးကြောပေါက်ခြင်းသည် အဖြစ်အများဆုံးသော နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။ အသက်ကြီးသောသူများ အထူးသဖြင့် အသက် ၆၅ နှစ်ထက်ကြီးသော သူများတွင် အစာအိမ်သွေးကြော ပေါက်ခြင်း ပိုဖြစ်တတ်သည်။ ကော်ဖီရောင်အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ၀မ်းမဲမဲသွားခြင်း တို့သည် အစာအိမ် သွေးကြော ပေါက် ခြင်း၏ လက္ခဏာများဖြစ်သည်။ အစာအိမ်ရောဂါ လူနာများ၏ ၂၀ % သော လူနာများတွင် အစာအိမ်ရောဂါ လက္ခဏာမပြဘဲ အစာအိမ်သွေးကြောပေါက်ခြင်း ဖြစ်သွားသည်ကို တွေ့ရှိ ရသည်။

အစာအိမ်ပေါက်ခြင်းသည် ဒုတိယအဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အစာအိမ် ရောဂါ လူနာများ၏ ၆ % မှ ၇% တွင် အစာအိမ်ပေါက်ခြင်း နောက်ဆက်တွဲဆိုးကျိုး တွေ့ရှိရသည်။ ၀မ်းဗိုက် ဖောင်းလာခြင်း၊ ၀မ်းဗိုက်အထိမခံနိုင်အောင်နာခြင်းတို့သည် အစာအိမ်ပေါက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။

အစာအိမ် ထွက်ပေါက်ပိတ်ခြင်းသည် အတွေ့ရနည်းသော နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပြီး ၁% မှ ၂% ခန့်သော လူနာများတွင်သာ တွေ့ရသည်။ အစာစားပြီး တိုင်း အန်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ၀မ်း ချုပ်ခြင်းတို့သည် အစာအိမ် ထွက်ပေါက်ပိတ်သောလက္ခဏာများဖြစ်သည်။

အစာအိမ်ကင်ဆာသို့ ပြောင်း လဲခြင်းသည် အစာအိမ်အတွင်း အနာဖြစ်သောနေရာ၊ H.Pylori ပိုးကူးစက်မှု၊ အသက်အရွယ်ကြီး ရင့်မှုတို့ ပေါ်တွင် မှုတည်သည်။

ရှောင်ရန်

အစာအိမ်အနာ ဖြစ်ပေါ်လျှင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပူအစပ်စားခြင်း၊ လက်သုပ်ချဉ် နှင့်အသုပ်များစားခြင်း၊ မာသောအရာများ (ထမင်းကြော်၊အကြော်)၊ အကိုက်အခဲပျောက် ဆေးများ၊ ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းသောက်ခြင်းတို့ကို ရှောင်ကြည်ရမည်။

ဆောင်ရန်

အစာကို အချိန်မှန်မှန်စားခြင်း၊ အစာကိုကြေညက်စွာဝါးစားခြင်းတို့သည် သင်၏ အစာအိမ်ကျန်းမာရေး ကို များစွာအထောက်အကူဖြစ်သည်။ အနာဖြစ်ချိန်တွင် အစာပျော့ပျော့ အဖြူထည်စားခြင်းနှင့် နွားနို့သောက် ခြင်းတို့သည် အနာကျက်မြန်စေနိုင်သည်။

ဘ၀နေထိုင်မှုပုံစံ

လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှု ဘဝ နေထိုင်မှုဟန်ပန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ် ပေါ်လာသော ရောဂါအစုအဝေးကို ကူးစက်မှု မရှိ သောရောဂါများ (Non Communicable Diseases) ဟုခေါ်သည်။
      ယနေ့ကမ္ဘာတွင် စုစုပေါင်း သေဆုံးမှု၏ ၆ဝ ရာခိုင်နှုန်းသည် NCDs ရောဂါများကြောင့်ဖြစ်ပြီး ၎င်းသေဆုံးမှု၏ ၈ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင်ဖြစ်သည်။ နေ့စဉ်ဘ၀ နေထိုင်မှုပုံစံတွင် အန္တရာယ် အမူအကျင့် (Behavior Risk Factors) များဖြစ် သည့် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငြုံခင်း၊ ကွမ်းစားခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်များစားခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှားမှုနည်းခြင်း၊ အရက်ကိုအလွန်အကျွှံ သောက်ခြင်း တို့သည် ကျန်းမာရေး၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများ ဖြစ်သည်။

     အစာအိမ်ရောဂါသာမက အခြားသောရောဂါများ မခံစားရစေရန် ဆေးလိပ်လုံးဝမသောက်၊ အရက် ကို လုံးဝမဖြတ်နိုင်သည့်တိုင် အရက်ကိုချင့်ချိန်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ်နာရီ ဝက်ခန့် မှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားခြင်းဆိုသော ‘ဘဝနေထိုင်မှုပုံစံ’ (Life Style) ပြောင်းလဲပစ်ဖို့လိုသည်။

      အထူးသဖြင့် နေ့စဉ်စားသုံးသည့် အစား အသောက် များတွင် သရက်သီးမှည့်၊ သင်္ဘောသီးမှည့်စသော အဝါရောင်သစ်သီးများ၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ ရွှေဝါကန်စွန်းဥ၊ မုန်လာဥနီ စသော အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖု များကို ရွေးချယ်ပြီး ဖောဖောသီသီ စားသုံးသင့်သည်။ အဆီမျိုးစုံကို တတ်နိုင်သမျှ ဆင်ခြင်၍စားရမည်။ ကြက်ဥ၊ ထောပတ်၊ အသည်း၊ ကျောက်ကပ်စသည့် ပြည့်ဝဆီများသည့် အစာ များကို တတ်နိုင်သမျှရှောင်သင့်သည်။ အငန်ကို ဆင်ခြင်ပြီး အိုင်အိုဒင်းဆားများကိုသာစားရမည်။ အချိုရည်ကို လည်း တတ်နိုင်သမျှ ရှောင်ရမည်။ သို့မှသာ ကူး စက် မဟုတ်သော ရောဂါများကြောင့်ဖြစ်ပေါ်လာသော ရောဂါဖြစ်ပွားမှု၊ မသန်မစွမ်းဖြစ်မှုနှင့် အရွယ်မရောက်မီ သေဆုံးမှုများ လျော့နည်းလာမည် ဖြစ်ပါ တော့သည်။

နေ၀င်းအောင်
အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html
ဗက်တီးရီးယား ကြောင့်ဆိုတာကိုတွေ့ တဲ့အတွက် ဗက်တီးယီးယားကိုသတ်တဲ့ ပိုးသတ်ဆေးတမျိုးကို တလလောက်တိုက်တော့မှ လုံးဝ ပျောက်ကင်းသွားတယ်။ ဂျပန် ဆရာဝန်တယောက်ကလည်း ကျနော် ရဲဘော်တယောက်ကိုဒီလိုနည်းမျိုး နဲ့ ကုသပေးလို့ လုံးဝပျောက်သွားတယ်လို့ ဆိုတယ်။ သူက ဗိုက်အောင့် လို့  ဂျပန်ဆရာဝန် ကိုပြတဲ့အခါမှာ ဆရာဝန်က သွားဆိုက်ဆရာဝန်ဆီကို သွားပြီး သွားတွေကို ခြစ်ထုတ် ပြစ်ဖို့  ညွန်ကြားလိုက်ပါတယ်။ သွားတွေကြားမှာ ဗက်တီးယီးယားရှိနေတယ်။ ကျနော်တို့ မြန်မာ အများစုက သွားကို ခြစ်ထုတ်လေ့မရှိပါ။ တချို့က ပိုက်ဆံရှိသော်လည်း နစ် ၃၀ မှ တခါခြစ်ကြတယ်လို့ သိရပါ တယ်။ ထိုင်းနိင်ငံမှာ တနစ်တခါ လောက် ခြစ်ကြတယ်။ အမေရိကန်တို့ ဂျပန် မှာတော့ ၆ လ တခါခြစ် ပါတယ်။ သွားထဲမှာ ခိုအောင်းနေတဲ့ဗက်တီးယီယားက ညဖက်အိပ်ချိန်မှာ သရေနဲ့အတူ ဗိုက်ထဲကိုဝင် ပါတယ်။

http://www.ashinsirinda.com အဲ့ဒီဆိုဒ်ထဲကပါ မျှဝေပေးလိုက်ပါတယ်။ ဂျစ်

ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)

ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)
               ဥရောပဘက်မှာတော့ သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး များလို သည်မလွဲ အလွတ် ပြန်ရတဲ့ စာသင်နည်း မသုံးတော့ပါဘူး။ သင်ရိုးညွန်းတမ်းတွေကို ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံး ဦးထိပ်ပန်ဖို့ အာဂုံ ဆောင်ရတာကို စာသင်တယ် ခေါ် တာပါ။ တကယ်တော့ ပညာရေးလောကဟာ ရေသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတဲ့ ရေရှင်ဖြစ်ပါတယ်။ မနေ့က သင်ရိုးထဲ ပါတဲ့ သီအိုရီတစ်ခုဟာ ဒီနေ့ ပြောင်းပြန် ဖြစ်သွားနိုင်လောက်အောင် အပြောင်း အလဲ မြန်ပါတယ်။
               သင်ရိုးတွေကို ခေါင်းပေါ် ရွက်မထား ဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။ ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့၊ များများမေးတတ်ဖို့၊ ကိုယ်ပိုင်ဥာဏ် သုံးတတ်လာဖို့ ဆရာ ဆရာမရဲ့ တာဝန်ပါ။

နှမြောဖို့ ကောင်းတယ်
               ဒါကြောင့် ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစနစ်” ဆိုတဲ့အတိုင်း “ပညာ” တတ်အောင် လေ့လာချင်စိတ်တွေ၊ တီထွင်ချင်စိတ်တွေ လူသား အချင်းချင်း ကူညီချင်စိတ်တွေ ကိုယ့်အားကိုယ်ကိုးချင် စိတ်တွေ၊ အသားရောင် ခွဲခြားမှု၊ ဘာသာရေး အစွန်းရောက်မှု မရှိဘဲ ကိုယ့်မိဘမျိုးရိုးအပေါ် ဂုဏ်ယူချင်စိတ်တွေ ပြုစုပျိုးထောင်နေတာပါပဲ။
               စာသင်တယ်ဆိုတာ ဆရာ ဆရာမ အပေါ်ကို လုံးဝ မှီခိုရပါတယ်။ ပညာ သင်တယ်ဆိုတာကတော့ ကိုယ့်ကိုယ် ကိုယ် မှီခိုရပြီးတော့ ဆရာ ဆရာမက ဘေးက ထိန်းကျောင်းပေးရုံပါပဲ။ သင်ရိုး တွေကို အလွတ်ကျက်တဲ့ ကလေးတွေထက် သင်ရိုးကို ပြောင်းလဲပစ်နိုင်တဲ့ ကလေးတွေဖြစ်ဖို့ လိုပါတယ်။
               ဒါကြောင့် ကမ္ဘာအနှံ့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကတော့ ဘာတွေ တီထွင် လိုက်ပြန်ပြီဆိုပြီး နေ့စဉ်နီးပါး ကြားနေ ရပါတယ်။ ကျုပ်တို့ ကျောင်းသားများမှာတော့ မထွင်နိုင်ကြပါဘူး။ ၏သည် မလွဲအောင် စာတွေ ကုန်းကျက်နေရတာနဲ့  ကျန်တာ အချိန်မပေးနိုင်ပါဘူး။
               ဒီအကြောင်း စဉ်းစားမိရင် ကျုပ် ကျောင်းနေခဲ့တဲ့ ၁၄ နှစ်ဆိုတဲ့ အချိန်ကို နှမြောမိတယ်။ အမှန်ဝန်ခံရရင် အရည်မရ အဖတ်မရပါပဲ။ ဘယ်အချိန်လေးပဲ ဂုဏ်ယူ စရာရှိလဲဆိုတော့ နောက်ဆုံးနှစ် Finalမှာ စာတမ်း Thesis   တင်ဖို့ လက်တွေ့ ကွင်းဆင်းရတဲ့ အချိန်လေးပါပဲ။ Ichtheology (ငါးဗေဒ) အတွက် အင်းလေးကန်မှာ ကွင်းဆင်းကြရတာပါ။
               နဂိုပင်ကိုယ် စရိုက်ကလည်း လက်တွေ့သမား၊ ဌာနမှူးကလည်း ရေးဖြေ  ရမှတ်တွေ ပြလိုက်တဲ့အပြင် ကျုပ်က အဖွဲ့ခေါင်းဆောင် Team Leader အဖြစ် သွားရတာဆိုတော့ စိတ်ပါလက်ပါ ရှိခဲ့ပါတယ်။ စိတ်မပါရင်လည်း အဲဒီနှစ် ဘွဲ့ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဌာနမှူး ပြလိုက်တဲ့ ကျုပ်ရဲ့ရေးဖြေ ရမှတ်ပေါင်းက  ကျမှတ်တွေဖြစ်နေလို့ပါပဲ။ နောက်ဆုံး စာတမ်း  Thesis ကယ်လို့ ဘွဲ့တစ်လုံးတော့ ရခဲ့ပါရဲ့။ စိတ်နာနာနဲ့ တက်မယူခဲ့ပါဘူး။

 နှလုံးသားကိုပါ သင်ကြားနိုင်မှ
               ဘွဲ့ရလို့ အထက်တန်းပြဆရာ လေးနှစ် လောက်လုပ်ခဲ့တဲ့ အချိန်မှာ ဒီပညာရေး စနစ်အပေါ်မှာ တင်ခဲ့တဲ့ အကြွေးကို ကျကျနန ဆပ်တော့တာပါပဲ။ ကျောင်းသား တွေကို ဘယ်တော့မှ နှုတ်တိုက်ကျက်ဖို့ မတိုက်တွန်းဘူး။ စာအုပ်ကြည့်ပြီး မသင် တဲ့အပြင် စာအုပ်ထဲက အကြောင်းအရာ ကို အနှစ်ချုပ်လောက်ပဲ ပြောပြီး ဒီဘာသာရပ်ရဲ့ ဒီသင်ခန်းစာကို လူတွေ ဘာလို့ လေ့လာကြတာလဲ။ လူ့လောက အတွက် ဘယ်လို အကျိုးပြုနိုင်သလဲ ဆိုတာ အပြင်လောက ဗဟုသုတတွေ ဥပမာတွေ ပုံတိုပတ်စတွေနဲ့ ပြောပြတယ်။ သူတို့ကိုလည်း ၀င်ဆွေးနွေး ခိုင်းတယ်။ ၀ိဇ္ဇာကျောင်းသားတွေတောင် ကျုပ်ရဲ့ ဘိုင်အိုအတန်း (ဇီဝဗေဒသင်တန်း) ကို အားရင် လာနားထောင်ကြတယ်။
               အင်္ဂလိပ်စာသင်တော့လည်း မကျက်မဖြစ်တဲ့ vocabulary စကားလုံး ဝေါဟာရတွေလည်း အိမ်မှာ အကျက် မခိုင်းဘူး။ ဥပမာ “၇” လုံးရှိတဲ့ အင်္ဂလိပ် စာလုံးကို သင်ပုန်းပေါ် ရေးထားပြီး တစ်လုံးချင်းဖျက်ပြီး အတူတူကျက်ကြ တယ်။ သင်ပုန်းပေါ် ဘာမှမရှိတော့မှ သူတို့ကို စာအုပ်ထဲ ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်နဲ့တကွ ရေးအထည့်ခိုင်းတယ်။ လုံးဝ မတူဘူးဗျ။ သူတို့ရေးထည့်လိုက်တဲ့ စာလုံးဟာ ဆရာခေါ်တာ လိုက်ရေးတဲ့ စာလုံးနဲ့ အနှစ်အဓိပ္ပာယ် ခြားနားတယ်။ ကိုယ်ရပြီးသား ရေးတာမို့ ဆရာ့အမှီအခို ကင်းတဲ့ ကိုယ်ပိုင်စာလုံး ဆိုတော့ ဘယ်လောက်ကျေနပ် သဘောကျစရာ ကောင်းလဲ။ အောင်မြင်ပါတယ်။ ကျူရှင် မှာလည်း ကျောင်းသား အပြည့်အလျှံပါပဲ။ အဲ ကျောင်းအုပ် ကြီးနဲ့ ဆရာဟောင်း တွေကတော့ နည်းနည်း မျက်စိနောက်  တယ်။ ဒါပေမဲ့ ဘာမှတော့ ပြောလို့ မရဘူး။ ကျောင်းသားတွေဟာ အရင်ထက် လေ့လာချင်စိတ်တွေ များလာတယ်။ အတန်းမပျက်ချင်တော့ဘူး။ အောင်ချက် လည်း များလာတယ်။
               အမှန်ကတော့ ကိုယ်တုန်းကလို မဖြစ်စေချင်လို့ ရမ်းသမ်းလုပ်နေတာပါ။ နိုင်ငံတကာမှာ ပြောင်းလဲဆန်းသစ်နေပြီ ဖြစ်တဲ့ ပညာရေးစနစ် အကြောင်း သိလို့  မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်ဟာ မျက်စိတွေ နားတွေ ပိတ်ထားတဲ့ ခေတ်ဆိုးကြီးထဲမှာ လျှာတစ်ချောင်းနဲ့ ရင်းပြီး ဘွဲ့ရလာတဲ့ ကြက်တူရွေးကြီး ဆိုရင် မမှားပါဘူး။
               ဥရောပက လူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး သူများထက် သာစေရမယ် ဆိုတဲ့ စေတနာကြောင့် ထူးချွန်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဥပမာ သူတို့ဆီက ဆရာဝန်တွေဆိုရင် ဆေးပညာထူးချွန်တဲ့ အပြင် နှလုံးသားတွေ အရမ်းလှကြတာ လက်တွေ့ မြင်ခဲ့ရပါတယ်။ သူတို့ စာသင်ခန်းတွေ လိုက်ကြည့်ခွင့် မရပေ မယ့် ဆရာ ဆရာမ အစဉ်အဆက်တွေက လူသား အချင်းချင်းပေါ် နှလုံးသားလှဖို့ သိမ်မွေ့ဖို့ မေတ္တာ ထားဖို့ တစ်နည်းနည်းနဲ့ သင်ပေးလိုက်မယ် ဆိုတာတော့ မလွဲနိုင်ပါဘူး။

ကလေးတွေကို မသင်ခင်
               ကျောင်းတွေမှာလည်း ကျောင်းသား ဗဟိုပြုတဲ့ “စဉ်ဆက်မပြတ်” သင်ကြားမှု  အကြောင်းတွေ ကြားနေရတယ်။ B.Ed လို ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ် ကြီးလည်း ရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများ ကနေ ပညာရေးနဲ့ ပတ်သက်လို့ ဘွဲ့လွန် ယူလာတဲ့ ပညာရှင်များလည်း ရှိတယ် ဆိုတော့ မိဘတွေကော ကျောင်းသား တွေကော ပြောင်းလဲနေတဲ့ ကမ္ဘာ့ပညာ သင်ကြားမှုပုံစံကို သိပ်တော့ နားမစိမ်း လောက်ပါဘူး။ ဒါပေမဲ့ ပညာရှင် အများစု ဟာ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကိုပဲ အားကိုးလွန်းတော့ အများနားလည်ဖို့ အများစိတ်ဝင်စားဖို့ အများကို ဆွဲဆောင်ဖို့ မထိရောက်လှဘူး။
               ကျုပ်တို့လို လူတွေက ဘာပညာရပ် ဆိုင်ရာ ဝေါဟာရမှသိမထား ကျက်မှတ် မထားတော့ အရပ်စကားနဲ့ပဲ ရှင်းပြ၊ သဘော ပေါက်ကြတယ်ဗျာ။ စာညံ့တဲ့ ကျောင်းသားချင်း ရှင်းပြတော့ ချက်ချင်း နားလည်သလိုပေါ့။
               ကျုပ်တို့ဆီမှာ ဘာဖြစ်လို့ ဆရာဖြစ် သင်တန်းတွေ ပေးနေတဲ့ကြားထဲက ဒုံရင်း ဆိုက်ပြီး မဲပြာပုဆိုး ဖြစ်နေတာလဲဆိုတာ ရိပ်စား မိတယ်ဗျ။ သင်တန်းပေးတဲ့အခါ လက်တွေ့နည်းပါးလို့လည်း ဖြစ်နိုင်ပါ တယ်။ လက်တွေ့ အကောင်အထည် ဖော်ရတဲ့ ဆရာ ဆရာမတွေ အနေနဲ့က ပုံစံသစ်ထက် ပိုလွယ်တဲ့ ပုံစံဟောင်းကို အားကိုးတယ်။ ပုံစံသစ်က စေတနာကော အင်အားကော ကိုယ်ဖိ ရင်ဖိစိုက် ထုတ်ရလို့ ဆရာတွေအတွက် ပန်ပန်းပါတယ်။ အလုပ် အကိုင် ရှားပါးတော့ ရွေးချယ်စရာ မရှိလို့ တချို့ ၀ါသနာမပါဘဲ ရရာအလုပ် ၀င်လုပ် ဖြစ်တာ လည်း ပါပါတယ်။ အရေးကြီးဆုံး ကတော့ လစာကမကောင်းတော့ ကိုယ့် အလုပ်ကိုယ် စိတ်မြှုပ်ပြီး မလုပ်နိုင်တာပါ။
               ဂျာမနီကို ကျုပ်ရောက်တော့ သူတို့ ဘာသာစကားကို အရင်ဆုံး လေ့လာ ပါတယ်။ မှန်းသလောက် မဖြစ်ပေမယ့် ဘာသာပြန်ဖို့ အသိအမှတ်ပြုတဲ့ အောင် လက်မှတ် ရခဲ့ပါတယ်။ ဒါနဲ့ အလုပ် ပိတ်ရက်တိုင်းမှာ အိမ်နီးချင်းမိတ်ဆွေ တစ်ယောက်ရဲ့ သမီး “ထူးအိမ်ကျော်” ကို ဂျာမန်စာ၊ ဂျာမန်စကားနဲ့ သဒ္ဒါသင်ပေး  ရပါတယ်။ သူက ကိုးတန်းပါ။ ဒီကလေး ဆီကနေပြန်ပြီး လေ့လာခွင့် ရခဲ့တာက ဥရောပ ပညာရေးစနစ်ပါ။ သူတို့ကျောင်းက ဆရာမတွေနဲ့ပါတွေ့ထိ ရင်းနှီးခွင့်ရခဲ့ပါ တယ်။ ကျုပ်တို့ဆီက ပညာရေးနဲ့ မတူတာ တွေ အရပ်စကားနဲ့ ရှင်းပြပါမယ်။
               ကျောင်းသား မိဘတွေ အပိုင်းက စပြောရရင် တစ်ရက် ရန်ကုန်မြို့ထဲ (ကျန်တဲ့မြို့လည်း အတူတူပါ) လူတွေ အုံနေလို့ မီးလောင်တာ များလား အောက်မေ့တယ် မိဘတွေ ကလေး ကျောင်းအဆင်း လာကြိုကြတာတဲ့ဗျာ။ ဘယ်သူများ စထွင်လိုက်လဲ မသိပါဘူး။ သိပ်ဆိုးတဲ့ အကျင့်ကြီးပါဗျာ၊ အားအား ယားယား။ ဥရောပက ကလေးတွေ ကိုယ့်ကျောပိုးအိတ် ကိုယ်လွယ်ပြီး ကျားကျားယားယား ကိုယ့်လမ်း ကိုယ် လျှောက် ကျောင်းတက်၊ ကျောင်းပြန် ကျုပ်တို့ဆီမှာ အဲဒီကစပြီး မှားတော့ တာဗျို့။ ကလေးချင်း ယှဉ်လိုက်ရင် မ၀ံ့မရဲ နဲ့။ နောင်တစ်ချိန် ခေါင်းဆောင်ဖြစ်မယ့် ကလေးတွေပါ။ သမ္မတချင်း ယှဉ်ရင်တောင် သူတို့ သမ္မတက ၀ံ့ဝံ့ကြွားကြွား။ ကိုယ့် သမ္မတက ကျို့ကျို့ယို့ယို့ (အခု သမ္မတကြီးကို မဆိုလိုပါခင်ဗျာ) ဖြစ်နေမှာပေါ့။ နောက်ပြီး မတူတာတစ်ချက် အသေး အဖွဲပေမယ့် အရေးကြီးပါတယ်။ သူတို့ ဆီမှာ ဘယ်မိဘမှ ကိုယ့်ကလေး လဲကျ သွားရင် ထူမပေးပါဘူး။ လှည့်တောင် မကြည့်ဘူး။ ကိုယ့်ဘာသာကိုယ် ထကြ ရတဲ့အကျင့် လုပ်ထားပါတယ်။ (ကျုပ်တို့ ဆီမှာကျတော့ ကြီးမှ ကိုယ်ထူကိုယ်ထ ကျင့်ကြရပါတယ်)
               မိဘတွေ ဆရာတွေက ကလေးများ ကို ခြောက်လှန့်ခြင်း ကြိမ်းမောင်းခြင်း နည်းတဲ့အတွက် ကလေးများဟာ ခွင့်ပြုထား တဲ့ ဘောင်ထဲမှာ အကြောက်အလန့် ကင်းပါတယ်။ လွတ်လပ်တယ် ကျယ် လောင်တယ် မမှန်ကန်ဘူးထင်ရင် အရေး ဆိုတတ်တယ်။ ဥပမာ ကလေးတစ်ယောက် က ဆရာမ အိမ်စာပေးတာများ လွန်တယ် လို့ ကန့်ကွက်ခဲ့ရင် သူပြောတာလည်း မှန်နေတယ်ဆိုရင် ဆရာမက အိမ်စာ ပြန်လျှော့ပေးရပါတယ်။ ငါဆရာမပဲ ဆိုတဲ့ စိတ်နဲ့ မဖိနှိပ်ပါဘူး။ ကျောင်းက ကလေး တွေ ကိုယ့်မျိုးရိုးကိုယ် ချစ်တတ်ဂုဏ်ယူ တတ်လာအောင် သင်ပေးပါတယ်။ သင်ပေးနည်းက ကိုယ့်လူမျိုးရဲ့ စားမှု၊ နေမှု၊ ၀တ်မှု၊ ကိုးကွယ်မှုနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပုံနှိပ်၊ တံဆိပ်ခေါင်းကအစ ပြခန်း အသေးလေးကို အပြခိုင်းပါတယ်။
               ကျောင်းစာအုပ်ထဲက ဇာတ်လမ်းကို ဇာတ်ညွှန်းခွဲခိုင်းတယ်။ ဇာတ်ဩန်းကို ဇာတ်လမ်း ပြန်လုပ်ခိုင်းတယ်။ ဇာတ်ကောင်တွေ   နေရာ ခွဲဝေပြီး အမူအရာ နဲ့တကွ ဇာဝင်စကားတွေ အပြောခိုင်း တယ်။ တကယ် ပြဇာတ်ကကြရတယ်။ ဒီသင်ခန်းစာနဲ့ ပတ်သက်တဲ့ ရုပ်ရှင် ပြဇာတ်လာရင် တစ်တန်းလုံး သွားကြည့် တယ်။ ဂီတလည်း သင်ရပါတယ်။ အမှတ် ပေးစနစ်က စဉ်ဆက်မပြတ်ပါပဲ။ ကြက်တူ ရွေး နှုတ်တိုက် အားမပေးပါဘူး။ မေးခွန်း ပုံစံတွေကလည်း ကြက်တူရွေး နှုတ်တိုက် ကို ရှောင်ပါတယ်။ အမှားအမှန် ခြစ်ပေးရ တာ၊ အုပ်စု ၂ ခုထဲက စာကြောင်းတွေ ဆက်ပေးရတာစတဲ့ အလွတ်ကျက်ထား တာ မဟုတ်ဘဲ တကယ်တတ်တဲ့ သူတွေပဲ  ဖြေနိုင် မယ့် မေးခွန်းပုံစံတွေပါ။ စာတစ်မျိုး တည်းသင် အမှတ်ပေးတာ မဟုတ်ပါဘူး။ အားကစားမှတ်။ အချင်းချင်း ရိုင်းပင်း ကူညီတဲ့ အမှတ်။ လေ့ကျင့်ခန်းတွေကို မှန်မှန် လေ့ကျင့်တဲ့အမှတ်။  ကျောင်းခေါ် ချိန်ရမှတ် စုံအောင် ပေးထားတာပါ။ စိတ်ဝင်စားစရာ ကောင်း တာက ကလေး တွေဟာ တက်ကြွပြီး ပျော်နေတယ်။ ကျောင်းကို အိမ်ထက်ခင်ပြီး ဆရာမ တွေကို မိဘထက် ပိုရင်းနှီးနေတာ ပါပဲ။ ကျောင်းသားတွေ စကားနည်းရင် မကြိုက် ပါဘူး၊ မေးခွန်းများများ မေးတာကို ကြိုက် ပါတယ်။ စိတ်ရှည်ရှည်နဲ့ ဖြေကြပါ တယ်။               ကျောင်းပိတ်ရက်မှာ ကိုယ်ဝါသနာ ပါရာ အလုပ်နှင့် အသီးသီး အလုပ်သင် ၀င်လုပ်ရင်း အတွေ့အကြုံ ယူရပါတယ်။  လုပ်ခ ရတယ်၊ လက်မှတ်ရတယ်။ မကြာ ခဏ ပြည်တွင်းပြည်ပ လေ့လာရေးခရီး ထွက်ရပါတယ်။ မီးသတ်ကြက်ခြေနီ လူမှုရေး အလုပ်တွေမှာ လက်တွေ့ ၀င်လုပ် ကြရပါတယ်။ လမ်းစည်းကမ်းကို စက်ဘီး နဲ့ သင်ကြရပါတယ်။ လိင်မှု ဆက်ဆံရေး မှာလည်း သူ့အတန်းအလိုက် သိသင့်တာ မမှားသင့်တာတွေ သင်ပါတယ်။ သူတို့ရဲ့ ဂျာမန်ဘာသာအပြင် တခြား ဥရောပ နိုင်ငံတစ်ခုခုရဲ့ စာကို သင်ရပါတယ်။   မြန်မာကလေးတွေက အင်္ဂလိပ်စာပဲ ယူကြပါတယ်။
               ကဲ၊ ဒီတော့ ဘယ်က စကြရမှာလဲ ဆိုတော့ ကလေးလေးတွေကို မသင်ခင် ဆရာ ဆရာမတွေကို သဘောပေါက်အောင် သင်ရမှာပါ။ ဒီတိုင်းသင်တန်းပဲ ပေးလို့ မရပါဘူး။ စီမံကိန်းတစ်ခု ရေးဆွဲရပါမယ်။ အကောင်အထည်ဖော်ဖို့ ရှေ့ပြေးနေတဲ့ နိုင်ငံတွေက expert တွေ (ကျွမ်းကျင် သူတွေ) ငှားရပါမယ်။ expert တွေကနေ တာဝန်ရှိသူတွေကို လက်တွေ့သင်တန်း ပေးမယ်။ တာဝန်ရှိ သူတွေကမှ အဖွဲ့ငယ် တွေခွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် မြို့နယ် ကျေးရွာအထိ ကွင်းဆင်း ပြီး အနည်းဆုံး ၂ ပတ်ကြာ ဆရာ ဆရာမ တွေကို လက်တွေ့ သင်ကြားပေးမယ်။ ဆရာ ဆရာမတွေကိုတော့ ကျောင်းသား တွေကိုပါ နားလည် သဘောပေါက်အောင်   ဟောပြော ပြသပေးဖို့ လိုပါတယ်။ ဒါကတော့ အရပ်သားတစ်ယောက်ရဲ့ အရပ်အမြင်နဲ့ အကြံပြုချက်ပါပဲ။
               အရေးကြီးတာက ဆရာ ဆရာမ တွေကို အရင်လို သင်္ကြန်အမြောက်ပစ်တာ မျိုး မဟုတ်ဘဲ တစ်မျိုးသားလုံး အတွက် အရေး ကြီးဆုံး အလုပ်ဖြစ်တဲ့ အကြောင်း သဘောပေါက်သွားစေဖို့ပါပဲ။ မြန်မြန် အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။ 

ကောင်းဆက်နိုင်
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၁၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၅)