Powered By Blogger

Friday 10 May 2013

မြန်မာ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှု နောက်ဆက်တွဲသတင်း

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ယနေ့တွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ အချိန်ကုန်၊ ငွေကုန် သက်သာမှုများ ရရှိစေရန်နှင့် စနစ်ကျနမှု ရှိစေရန်အတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်မှုတွင် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်လွှာပုံစံများနှင့် ပတ်သက်၍ ယခင်ကဖြည့်စွက် လျှောက်ထားခဲ့ကြရသည့် လျှောက်လွှာပုံစံ ၁၄ရွက် ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယင်း ၁၄ရွက်မှာ ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရန် ပုံစံ ( ၂ - စုံ ) နှစ်ရွက် (လေးမျက်နှာ)၊ ကွန်ပျူတာလျှောက်လွှာပုံစံ (၅-စုံ) ငါးရွက်၊ အလယ်လျှောက်လွှာပုံစံ (အပြာရောင်) တစ်ရွက် ကိုယ်တိုင်ရေး လျှောက်လွှာပုံစံ နှစ်ရွက်၊ ပညာရေးကင်းရှင်းကြောင်း ကိုယ်တိုင်ခံဝန် နှစ်ရွက်၊ ပြစ်မှု ကင်းရှင်းကြောင်း ကိုယ်တိုင် ခံဝန် နှစ်ရွက် စုစုပေါင်း ၁၄ရွက်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့မှုကြောင့် လျှောက်လွှာပုံစံတွင် ငါးရွက် ဖြည့်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ထပ်မံ ဖြေလျှော့၍ (၃) ရွက်တည်းသာ ဖြည့်စွက် လျှောက်ထားရမည် ဖြစ်သည်။ ယင်း သုံးရွက်မှာ ကိုယ်တိုင်ရေး မှတ်တမ်း ထိန်းသိမ်းရန် ပုံစံ (၂-စုံ) နှစ်ရွက် (လေးမျက်နှာ)၊ ကွန်ပျူတာလျှောက်လွှာပုံစံ (၁-စုံ) တစ်ရွက် စုစုပေါင်း သုံးရွက်ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်လွှာပုံစံ သုံးရွက်ကိုလည်း လျှောက်ထားသူများကိုယ်တိုင် ဆောင်ရွက်နိုင်ရန်အတွက် ရိုးရှင်းလွယ်ကူသော စနစ်များဖြင့် စာရွက်စာတမ်းများကြောင့် ကြန့်ကြာခြင်း မဖြစ်စေရန် စီမံထားရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့မှုကြောင့် လျှောက်ထားရမည့် လျှောက်လွှာပုံစံများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင် အများသိစေရန် သတင်းထုတ်ပြန်ချက်အား မူရင်းအတိုင်းသာ ပြန်လည်ကူးယူ မျှဝေပါသည်။
Views: 827

No comments:

Post a Comment