Powered By Blogger

Saturday 18 May 2013

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

(၁)
စိတ္တဇဆေးရုံတစ်ရုံမှာ သူနာပြုဆရာမက လောင်းလှည့်လာတဲ့ဆရာဝန်ကို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေကို ပြောပြနေတယ်။ အဲဒီမှာ လူနာတစ်ဦးက ဓာတ်ပုံတစ်ပုံကိုကိုင်ပြီး ငိုလိုက် နံရံကိုခေါင်းနဲ့တိုက်လိုက် လုပ်နေတယ်။

သူနာပြုဆရာမက "ဒီလူနာဟာ ဓာတ်ပုံထဲက ကောင်မလေးကို စွဲလမ်းနှစ်သက်ခဲ့တယ်။ သူဟာ နှိုးနေ၊ အိပ်နေလဲ ဓာတ်ပုံကို လက်ထဲကမချခဲ့ဘူး။ ကောင်မလေးက တခြားလူနဲ့ ယူသွားတော့ ကောင်မလေးစိတ်နဲ့ သူရူးသွားခဲ့တာပါပဲ"လို့ ရှင်းပြနေတုန်း တခြားအခန်းက လူနာတစ်ယောက်ကလည်း နံရံကို ခေါင်းနဲ့တိုက်နေတာ တွေ့လိုက်တယ်။

"ဒီလူနာကရော ဘယ်လိုဖြစ်တာလဲ?"

"သူက အဲဒီကောင်မလေးကို ယူလိုက်တဲ့ လူပဲဆရာ"

ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်းမှာ လုံးဝဧကန်ဆိုတာ မရှိပါဘူး။


(၂)
ယင်ကောင်ဟာ သူ့ပုံစံက ပျားနဲ့တူတယ်ဆိုပြီး ဝမ်းသာနေခဲ့တယ်။ ပျားဟန်ဆောင်ပြီး ပန်းပွင့်တွေကို လိမ်လည်လှည့်စားမယ်၊ ပန်းဝတ်မှုန်တွေကို ခိုးယူမယ်လို့ သူဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် ယင်ကောင်ဟာ ပန်းတောထဲမှာ ခေါက်တုန့်ခေါက်ပြန် ဝဲပျံနေခဲ့တာ ကြာလှပေမယ့် ဘယ်ပန်းပွင့်ကမှ သူ့ကိုပြုံးပြတာ၊ ပွင့်လန်းပြတာကို မတွေ့ခဲ့ဘူး။ ဒါဟာ ဘာကြောင့်လဲဆိုပြီး သူနားမလည်လို့ ပျားကိုသွားမေးကြည့်တော့ ပျားက "နင့်အပြင်ပန်းက ငါနဲ့တူပေမယ့် နင်ဟာ ပျားမဟုတ်ခဲ့ဘူး။ ဒါကြောင့် ပန်းတောထဲမှာ နင်တစ်သက်လုံး ဝဲပျံနေလည်း ဘယ်ပန်းပွင့်ကမှ နင့်ကိုပျားလို့ သတ်မှတ်မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။

အပြင်ပန်းဆိုတာ တူလို့ရပေမယ့် အတွင်းစိတ်သဘောထားက အစားထိုးလို့ မရနိုင်ခဲ့ပါဘူး။


(၃)
တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စတဲ့နိုင်ငံက လူတွေက သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုကို အရက်နဲ့ထုတ်ဖော်ပြဖို့ ချိန်းဆိုလိုက်ကြတယ်။

တရုတ်က သူတို့ရဲ့နိုင်ငံ့အရက်လို့ တင်စားခံရတဲ့ အရက်စစ်စစ် Maotai အရက်ကို ထုတ်ပြတယ်။ ရုရှားက Vodka အရက်ကို ထုတ်ပြတယ်။ ပြင်သစ်က ရှန်ပိုင်၊ အီတလီက စပျစ်ဝိုင်၊ ဂျာမဏီက ဝီစကီတွေကို အသီးသီးထုတ်ပြတယ်။ အဲဒီအချိန်မှာ အမေရိကန်က အေးအေးဆေးဆေးပဲ သူတို့ထုတ်ပြတဲ့ အရက်တွေကိုဖန်ခွက်တစ်ခုထဲ နည်းနည်းချင်းစီသွန်ထည့်ပြီး ပြောလိုက်ပါတယ်။

"ဒါကို Cocktail လို့ခေါ်တယ်။ ဒါဟာ အမေရိကန်လူမျိုးရဲ့ စိတ်ဓာတ်ခွန်အားကိုပြတယ်။ ဆွဲဆောင်ခြင်းကိုပြတယ်၊ ဆန်းသစ်ထီထွင်ခြင်းကိုပြတယ်"

အောင်မြင်သူဆိုတာ တခြားလူထက် ပိုတတ်လို့မဟုတ်ဘူး။ တခြားလူရဲ့ထူးချွန်ထက်မြက်ခြင်းကို အသုံးပြုတတ်လို့ ဖြစ်တယ်။


(၄)
ယောက်ျားပျိုတစ်ယောက်ဟာ ရူခင်းသာတစ်နေရာမှာ လှပတဲ့မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်မိတယ်။ အဲဒီနောက် သူဟာ မိန်းမပျိုနောက် တကောက်ကောက်လိုက်ခဲ့တော့တယ်။ နောက်ဆုံးမှာ မိန်းမပျိုက နောက်လှည့်ပြီး သူ့ကို အရဲစွန့်မေးလိုက်တယ်။

"ရှင် ဘာဖြစ်လို့ ကျွန်မနောက် တကောက်ကောက် လိုက်နေရတာလဲ?"

"မင်း အရမ်းချော၊ အရမ်းလှလို့ပါ။ မင်းလောက်ချောတဲ့လူ ငါမတွေ့ဖူးသေးဘူး။ ငါ့ချစ်သူလုပ်ပါလို့ တောင်းဆိုပါတယ်"

"ရှင်အခု နောက်ပြန်လှည့်ကြည့်.. ကျွန်မညီမကို တွေ့လိုက်မယ်။ သူက ကျွန်မထက်တောင် ပိုလှတယ်"

မိန်းမပျိုစကားကြားတာနဲ့ သူချက်ချင်းလှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘယ်မိန်းမလှမှ သူမတွေ့မိလိုက်ပါဘူး။

"မင်း ဘာဖြစ်လို့ ငါ့ကိုလိမ်တာလဲ?"

"ရှင်ကသာ ကျွန်မကို လိမ်နေတာပါ။ တကယ်လို့ ကျွန်မကို ရှင်တကယ်နှစ်သက်ခဲ့ရင် ဘာဖြစ်လို့ ခေါင်းပြန်လှည့်ကြည့်ရသလဲ?"

မိန်းမပျိုက ပြောပြောဆိုဆို နေရာက လှည့်ထွက်သွားတော့တယ်။

လူတွေဟာ လက်ရှိပိုင်ဆိုင်ထားတာကို တန်ဖိုးမထားတတ်ကြဘူး။ ဒါဟာ တခြားလူအတွက်တင်မကာ ကိုယ့်ကိုယ်တိုင်အတွက်လည်းရှုံးဆုံးမှုတစ်ရပ်၊ နစ်နာမှုတစ်ရပ်ဖြစ်ပါတယ်။ ဘဝမှာလည်း ဒီလိုပါပဲ... ရည်မှန်းချက် ပန်းတိုင်တွေကို ဟိုပြောင်းဒီပြောင်းလုပ်တာဟာ အချိန်ကုန် လူပမ်းတဲ့အပြင် ဘာအကျိုးမှလည်း မဖြစ်ထွန်းစေပါဘူး။


(၅)
ပြင်သစ်ဓာတုဗေဒပညာရှင် Louis Pasteurဟာ ပဲရစ်မြို့မှာကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့တယ်။ တည်းခိုဖို့ တည်းခိုခန်းတစ်ခုရောက်တော့ ဝန်ထမ်းက ပြင်ပြင်ဆင်ဆင် ဝတ်စားမထား၊ ပစ္စည်းများများစားစား မပါတဲ့ သူ့ကိုကြည့်ပြီး ဒါဟာ သာမန်ဧည့်သည်တစ်ဦးပဲဆိုပြီး သူ့ကို အလင်းရောင်မရတဲ့ အခန်းသေးတစ်ခန်းမှာ နေရာချထားပေးလိုက်တယ်။

နောက်မှ သူဟာ နာမည်ကြီး ပါမောက္ခတစ်ဦးဖြစ်တယ်ဆိုတာကို ဝန်ထမ်းသိလိုက်တော့ သူ့ကိုအခန်းပြောင်းပေးဖို့ စီစဉ်ပါတယ်။ ဝန်ထမ်းက "ဧည့်သည်ရဲ့ သဘောထားကြီးခြင်းနဲ့ရာထူးဂုဏ်ကို သူနဲ့အတူပါတဲ့ပစ္စည်းတွေနဲ့ အချိုးကျတယ်လို့ ကျွန်တော်ထင်လို့ အခုလိုအခန်းမျိုးပေးမိတာပါ။ ကျွန်တော်မှားသွားတယ်.. ကျွန်တော်တောင်းပန်ပါတယ်" လို့ဆိုပါတယ်။

ဒါကို Louis Pasteurကရယ်ပြီး "မဟုတ်သေးဘူး.. လူတစ်ယောက်ရဲ့ကြွားဝါခြင်းက သူ့ရဲ့အသိဉာဏ်နည်းခြင်းနဲ့ အချိုးကျတယ်လို့ ကျွန်တော်ထင်တယ်" လို့ ပြောလိုက်တယ်။

တကယ့် ခွန်အားရှိ၊ ပညာရှိသူတွေဟာ ကြွားဝါခြင်းနဲ့ သူတို့ရဲ့ရာထူးဂုဏ်ကို မမြင့်တင်တတ်ဘူး။
ရွှင်လန်းချမ်းမြေ့ပါစေ။ အားလုံးကိုလေးစားလျက်
ချောလေး

No comments:

Post a Comment