Powered By Blogger

Friday 10 May 2013

ခေါင်းကြောင့်ဖြစ်ရ ဤဒုက္ခ


ခေါင်းကြောင့်ဖြစ်ရ ဤဒုက္ခ

ခေါင်းကြောင့်ဖြစ်ရ ဤဒုက္ခ ၊



ရေးလိုက်တိုင်း အောက်ပြည် အောက်ရွာ အကြောင်းတွေကနေကို မတက်နိုင်တော့ဘူးလား လို့  ပြောရင်လည်း ခံရပါအုံးမယ် ။ ဝါသနာသက်သက် ကြောင့်တော့လည်း မဟုတ်ပါဘူးလေ။သူလည်းလေ လောကီသားပေမို့ 
ပြောချင်ရှာပေလိမ့်မယ် လို့ သာ သဘောထားပြီး ရှူစားတော်မူကြပါ ။“
ဝမ်းတလုံးကောင်း ခေါင်းမခဲ ဘူး ”လို့  ရှေးလူကြီးများက ဆိုခဲ့ကြတယ် ။ တကယ့်
ဆိုလိုရင်း အဓိပ္ပါယ်ကို အားလုံး သိကြပြီး ဖြစ်မှာပါ ။ ဝမ်းဗိုက်လေးက
မှန်မှန်ကန်ကန် နဲ့ ဆိုရင် ဦးခေါင်းကြည်လင်စွာ နဲ့  နေလို့ 
ထိုင်လို့ကောင်းမှာပေါ့လေ ။ ဒါပေမဲ့  ဒီခေါင်းလေး တလုံးကြောင့်
နေရထိုင်ရခက် တဲ့ အပြင် ထိုင်မရ ထမရ၊ လျှောက်မရ ပြုမရ ကွတတ အဖြစ်နဲ့ 
ကြုံဘူးကြသူတွေ အတွက် ကတော့.. ခေါင်းဆိုတဲ့  ခေါင်းကလေး က ကျွန်ုပ်တို့ ရဲ့ 
ဦးခေါင်း ကို ဆိုလိုတာ မဟုတ်ဖူးလို့  ပဲ ပြောကြလေမလား ။

ခေါင်းကလေးရယ် ခက်လှတယ်.....ဝမ်းတစ်လုံးမကောင်းရှာတော့ ဒီခေါင်းလေးတွေ ခဲရရှာပါတယ် ။
ပြောရမယ်ဆို ဘာခေါင်းလည်း .. လိပ်ခေါင်းပါ ။ ဘိုလို ဆိုရင် Piles ၊ ဒါမှမဟုတ် Hemorrhoids လို့ ခေါ်ကြတယ် ။

ဘာလို့  လိပ်ခေါင်းလို့ ခေါ်ကြတာလည်း ။။ လိပ်ခေါင်းလို ပြူတစ် ပြူတစ် နဲ့ မို
့လို့ ။
ပုံသဏ္ဍန်ကလည်း နဲနဲ တော့ ဆင်သားပဲလေ ။ လုံးလုံး တင်းတင်းလေး ကိုး။
တိရစ္ဆာန်လိပ်ကတော့ ဘယ်နှစ်မျိုးရှိသလည်း မသိပါဘူး ..ကမ္ဘာလိပ်တို့  စူဠလိပ် တို့ တော့ ကြားဖူးနားဝ ရှိပါတယ်။လိပ်ခမျာ သူ့ ဟာသူနေတာ တောင်
လူတွေအပြောက မလွတ်ရှာပါဘူး ။ ကိုယ့်ဖက်ကိုယ်ယက်တဲ့  လိပ် လို့ပြောကြတယ် ၊
ဘယ်သတ္တဝါတွေကများ သူများဖက်ယက်တတ်ကြ လို့လည်း ။လူ တွေ က ပိုဆိုးသေး ။
ထားလိုက်ပါတော့ ...ခုပြောမဲ့ လိပ်ကတော့ အဓိက ၂ မျိုး ရှိတယ်ပေါ့
။ဒီပုံလေးမှာကြည့်နိုင်ပါတယ် ။
လိပ်ခေါင်း ဘယ်နှစ်မျိုးရှိသလည်း ။
(၁)= အတွင်းလိပ် ( Imternal hemorrhoids )
သူ့ မှာ ရောဂါအတိမ်အနက်ခွဲခြားထားတာ အဆင့် ၄ ဆင့် ရှိတယ် ။
I- သူ့ ဟာသူ အတွင်းမှာ ပုန်းနေတယ်
II -ဝမ်းသွားချိန်မှာ အပြင်ကို ခဏတဖြုတ်ချောင်းကြည့်တယ် ၊ ပြီးရင် သူ့ ဟာသူ အထဲ ပြန်ဝင်သွားတယ် ။
III--ဝမ်းသွားချိန်မှာ အပြင်ကို ခဏတဖြုတ်ချောင်းကြည့်တယ် ၊ ပြီးရင် သူ့ ဟာသူ့ ပြန်မဝင် လို့ 
လက်နဲ့  ထိုးသွင်းပေးရတယ် ။
IV - ဘယ်လို သွင်းသွင်း ပြန်မဝင်နိုင်တော့ဘူး ၊ Prolapse ဖြစ်နေပြီပေါ့ ။
(၂) =အပြင်လိပ် ( External hemorrhoids )
ပုံမှာ ပြထား သလိုမျိုးပါ ။

(၃) =အရောအနှောလိပ် ( Mixed hemorrhoids ) ဆိုတာက အတွင်းနဲ့ အပြင်ရောနေတာကို
ခေါ်တာမျိုးလည်းရှိပါသေးတယ်။
လိပ်ခေါင်းဆိုတာ ဘာလည်း ။ ဘာကြောင့်ဖြစ်တာလည်း ။ ?
လိပ်ကလေးတွေ ဘယ်လိုဖြစ် ။ လိပ်အမေကြီးမွေးလို့ ဖြစ် ။
လိပ်ခေါင်းလေးတွေကျတော့ လိပ်ခေါင်းအမေကြီး မွေးလို့  ဖြစ်တာ မဟုတ်ပါ ။ စအို ဝ ( Anus) အတွင်းဖက် ၊ Rectum ခေါ်
မစင်မစွန့် မှီ ခေတ္တသိုမှီးထားတဲ့ နေရာ မှာ ရှိနေတဲ့  သွေးပြန်ကြောများ
ထုံးပြီးဖေါင်းပွလာ လို့ ဖြစ်တဲ့ အဖုလုံး Varicose vein ကိုပဲ
လိပ်ခေါင်းလို့  အမည်တပ်လိုက်ကြတာပါ ။

1 . ( straining during bowel movements ) - အူတွေဟာ အတွင်းမှာရှိတဲ့ ခြေဖျက်ပြီးသား
အစာအဟာရတွေကို ခန္ဓာကိုယ်မှာ အသုံးပြုဖို့  စုပ်ယူကြရပြီး အသုံးမလိုတဲ့
အရာတွေကို မစင်အဖြစ်စွန့် ထုတ်ဖို့  အစာလမ်းကြောင်းတလျှောက် အောက်ဖက်ကို
ဖြေးဖြေးချင်း လှုပ်ရှား ပို့ ဆောင်ပေးရတယ် ။အဲ့သလို bowel movements တွေ
ရှိနေစဉ်မှာ ဝမ်းဗိုက်ကို အတင်းညှစ်လေ့ ညှစ်ထရှိရင် လိပ်ခေါင်း ဖြစ်တတ်တယ်
2. ( Sitting for long periods of time on the toilet ) - အိမ်သာတက်တဲ့
အချိန် အလွန်အမင်းကြာမြင့်ရင် ။ တချို့ ဆို သတင်းစာလေး ဝတ္ထု စာအုပ်လေး
ဖတ်ရင်း၊ ဆေးလိပ်လေးသောက်ရင်း ဇိမ်ယူပြီး အိမ်သာတက်လေ့ရှိတာ ဆိုတော့
သတိထားပေါ့ ။
3.( Chronic diarrhea or constipation) -အမြဲတစေ ဝမ်းလျှောလေ့၊ ဒါမှ မဟုတ် ဝမ်းပိတ်၊ဝမ်းမာ လေ့ရှိသူများ မှာ
လိပ်ခေါင်းဖြစ်လွယ်တယ် ၊
4. ( Obesity ) - အဝလွန်သူများ ၊ ဝ သူ တိုင်းတော့ လိပ်ခေါင်းရှိတာ မဟုတ်ပါဘူး ။ အဝလွန်သူများမှာ ကိုယ်လက်
လှုပ်ရှားမှု နည်းပြီး ၊ high fibre diet ခေါ်တဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့
အစားအစာ စားသုံးမှု နည်းပါး မယ်၊ ရေ သောက်သုံးမှု နည်းပါးမယ် ဆိုရင်
ပိုဖြစ်တတ်တာပါ ။
5. ( Pregnancy ) - ကိုယ်ဝန်သည်များမှာ လည်း လိပ်ခေါင်း ဖြစ်တာ များပါတယ်။ သန္ဓေသား ကြီးထွားလာလေ ၊ ခြေအောက်ပိုင်းမှ
သွေးပြန်ကြောတွေကို ပိုဖိတတ်လေ ဆိုတော့ ခြေထောက်က သွေးကြောတွေရော ၊ စအို
ကသွေးကြောတွေပါ ထုံးတတ်ယောင်တတ်ပါတယ် ။
6. ( Anal intercourse ) - ဒါကတော့ စအိုနဲ့ လိင်ဆက်ဆံ ခြင်း ပြူသူများ မှာ ပွတ်တိုက်ဒါဏ်ရာ
ရပြီးစအိုနံရံ သွေးကြော တွေ ယောင်ယမ်း တတ်လို့  ဖြစ်တာပါ။

ဘယ်လိုခံစားရမလည်း ။
-များသောအားဖြင့်တော့ အပြင်လိပ် က နာတတ်တယ် ။ ယားယံတတ်တယ်။ အပြင်လိပ်ရဲ့  သွေးကြောထဲမှာ သွေးခဲ သွားမယ်ဆိုရင် တော့
thrombosed hemorrhoid လို့ ခေါ်ပြီး မခံမရပ်နိုင်အောင် နာကျင်လာတတ်တယ် ။
ဒီလိုအခြေအနေ ဆိုရင်တော့ သွေးခဲကို ခွဲ ဖေါက်ထုတ်ရမှာ ဖြစ်တယ် ။
-အတွင်းလိပ်ကတော့ သိပ်နာလေ့ မရှိပါဘူး ။ ဒါပေမဲ့ အတွင်းလိပ် ကြီးလာရင် ၊ အရေအတွက်များလာရင်
အောက်ဖက် ဆင်းလာတတ်ပြီး နယ်ကျွံလာနိုင်ပါတယ် Prolapse လို့ ခေါ်တယ်
။အဲ့လိုအခါကျတော့ တစ်ဆို့ ဆို့ နဲ့ နေရတာ မအီမလည် ဖြစ်နေတတ်တယ် ။ အရော
အနှော လိပ်လည်း ဖြစ်လာတတ်တယ် ။
-နောက်တချက်က ဝမ်းသွားနေစဉ် နဲ့  ဝမ်းသွား အပြီးမှာ သွေးထွက်တတ်တယ် ။ သွေးက လတ်လတ်ဆတ်ဆတ်
ထွက်တာမျိုးဆိုတော့ fresh blood အရောင် အနီရဲရဲပေါ့ ။ ( အစာလမ်းကြောင်း
အပေါ်ပိုင်း ၊ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှ ထွက်တဲ့ သွေးဆိုရင်တော့
ဝမ်းထဲမှာ အမဲရောင် စေးကပ်ကပ် အနေနဲ့  တွေ့ ရမှာ ဖြစ်တယ် ။tarry stool လို့ 
ခေါ်ပါတယ် )

ဘယ်လို ရှာ ။
လိပ်ခေါင်းမှန်းသိဖို့ လွယ်ပါတယ် ။
အပြင်လိပ်ဆိုတာ စအိုဝမှာ မြင်ရလွယ်ပါတယ်။ ဒီလိုပါ ။ တခါတလေကျရင်တော့ hematoma ခေါ် သွေးစု
နဲ့ မှားတတ်ပါတယ် ။

-အတွင်းလိပ်အတွက် စအိုထဲ လက်ချောင်းနဲ့ ထိုးပြီး စမ်းလို့ရတယ်(Digital Examination ) ။
-ဒါ့အပြင် Anoscope, Proctoscope or Sigmoidoscope စသဖြင့် စအိုဝမှ ပြွန်သွင်းပြီး တီဗွီကြည့်
စစ်ဆေးလို့ရတယ် ။

ဘယ်လိုကု ။
လိပ်ကလေး ရဲ့ အခြေအနေပေါ်တည်ပြီး ကုနည်း အမျိုးမျိုးရှိပါတယ် ။

(၁) ဆေး နဲ့ ကု ၊ မခွဲဘူး ။ ဒါးကြောက်လို့  မခွဲချင်သူများလည်းရှိတယ်။ အတွင်းလိပ် အဆင့် I,II နဲ့ 
အလုံးသေးရင်လည်း ခွဲစရာ မလိုလှသေးပါဘူး။ဒီတော့ ဆေးလိမ်းမယ် ။
ဆေးသောက်မယ်ပေါ့ ။ လိမ်းဆေး သို့ မဟုတ်၊ စအိုထဲ ထည့်တဲ့ ဆေးတောင့် မှာ
Preparation H တို့ ၊ Proctosedyl တို့  ဆိုတာ တွေရှိတယ် ။ သူတို့ က
သွေးကြောထုံး အလုံး ကို အယောင်ကျပြီးသေးစေတယ်။ hydrocortisone ပါတဲ့
လိမ်းဆေး သုံးပေးရင်တော့ ယောင်ရမ်းတာ နဲ့  ယားယံတာ သက်သာစေနိုင်တယ် ။
Xylocaine အစရှိတဲ့ .. နောက်ဖက်မှာ “-caine" ပါတဲ့ ဆေးတွေကတော့
နာကျင်တာကို သက်သာစေနိုင်ပါတယ်။
နောက် လိပ်ကလေး နာကျင်ကိုက်ခဲ နေရင်တော့ အနာအကျင်ပျောက်ဆေး နဲ့  တွဲ သောက် ပေါ့ ။ တချို့ ကျတော့ လိပ်ကလေး စဖြစ်ခါစ
နုနု လေးဆို Hydrotherapy ခေါ်တဲ့ ရေနွေးနွေးလေးထဲ စိမ်တာ ။ Cold compress
ခေါ်တဲ့ အအေး အုပ်ပေးတာ ။ အပြင် လိပ်ကလေး ကို moisturizer.ဒါမှမဟုတ်
witch hazel ပါတဲ့ Topical astringent ဖန်ရည် ဆေးတာတွေ နဲ့ သက်သာအောင်
လုပ်ပေး နိုင်ပါတယ် ။ ဆေးခန်း ဆေးရုံမှာ သွားကုစရာမလိုသေးလို့  Home
Treatment လို့ ခေါ်ကြတယ် ။

(၂) ဒါးနဲ့ ကု ။ ခွဲမယ်စိတ်မယ် (Hemorrhoidectomy )
-အတွင်းလိပ်ရဲ့  အဆင့် ၃ နဲ့  အထက်ဆို ခွဲစိတ်ဖို့  လိုနေပါပြီ ။ ( ခွဲပုံ ခွဲနည်းတွေတော့ မပြောတော့ပါ )

(၃) သားရေကွင်းပစ်မယ် ။ Rubber band ligation ပေါ့ ။ ဒီပုံလေးအတိုင်းပါပဲ။
သူကတော့ သေနတ်ပုံ သဏ္ဍန် ရှိတဲ့ ကရိယာလေးထိပ်မှာ သူ့ အတွက် သုံးရမဲ့
သားရေကွင်းသေးသေးလေး စွပ်ပြီးတော့ အတွင်းလိပ် ရဲ့  လည်ပင်းလို နေရာ
လေးပေါ်မှာပစ်စွပ်ပေးလိုက်တာပါ။ ဒီတော့ လိပ်ခေါင်းဖုရဲ့  အရင်းမှာ
သားရေကွင်းလေးက တင်းကြပ်စွာ ပတ်ထားသလိုမျိုး ဖြစ်သွားပြီး
သွေးမလျှောက်တော့ပဲ လိပ်ခေါင်းလေးမှာ ညှိုး ခြောက်ကာ ပြုတ်ကျလာတတ်ပါတယ်။

(၄) အပေါ်က နည်းတွေ အပြင် ၊ တချို့ ကျတော့ ဒါးနဲ့  မခွဲစိပ်ပဲ
လျှပ်စစ်ဓါတ်နဲ့တို့ ခြင်း ( Hemorrhoidolysis )၊ လိပ်ခေါင်းထဲ ကို
ဆေးထိုးပြီး မာခဲ သွားအောင်လုပ်ပြီး လိပ်ခေါင်း ကြွေကျစေခြင်း (
Sclerotherapy ) ၊ အအေးဓါတ်နဲ့  တို့ခြင်း( Cryosurgery ) စတဲ့ နည်းတွေ
နဲ့လည်း ကုသကြပါသေးတယ် ။

ဘယ်လို ကာကွယ် နေထိုင်မယ် ။
ဝမ်းမှန်အောင် နေထိုင်မယ် ။
-ရေများများသောက်ပါ ။
-အမျှင်ဓါတ်များတဲ့  အစာ High fibre diet အသီးအရွက် တွေ များများစားပါ ။ ဝမ်းမချုပ်စေ နဲ့  လို့ 
ဆိုလိုပါတယ်။ဝမ်းမချုပ်အောင် တနေ့ လိုအပ်တဲ့ dietary fibre ပမာဏမှာ ၂၀ မှ
၂၅ ဂရမ်မျှ ဖြစ်ပါတယ် ။
-အိမ်သာတက်ချိန်မှာ အကြာကြီး ဇိမ်ဆွဲ မထိုင်ရ (ဆေးလိပ်ကလေး ဖွာရင်း ။ သီချင်းလေး နားထောင်ရင်း ၊ဝတ္ထု စာအုပ်တအုပ်လုံး၊
သတင်းစာ တစောင်လုံးဖတ်ရင်း အိမ်သာတက်တတ်သူများ သတိချပ်ရန် ၊)
-အရက်၊ ကဖင်း နဲ့ အပူအစပ် အစာတွေ က လိပ်ခေါင်းကို ပိုဆိုးစေတတ်လို့ 
လိပ်ခေါင်းသမားများ အစားအသောက် ဆင်ခြင်ဖို့ လည်း လိုပါတယ် ။
- သင့်တင့်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခဏ်းများ လုပ်ပေးပါ ။

နောက်ဆက်တွဲ ပြသနာတွေ...
(၁)-သွေးအားနည်းမယ် ။ နေ့ စဉ်နေ့ တိုင်း ၊ဝမ်းသွားတိုင်း စအိုမှ သွေးယိုဆင်းတာကြာလာတော့လည်း သွေးအားနည်းလာတာပေါ့ ။
(Chronic Anemia , Iron deficiency Anemia )
(၂)- Strangulated hemorrhoid လို့ ခေါ်တဲ့ ၊ သွေးကြောထုံးလေးတွေရှိတဲ့ သွေးပြန် ကြော တွေ
ခေါက်လိန်သွား တဲ့ အခါ သွေးကောင်းကောင်း မလှည့်ပတ် နိုင်တော့ပဲ လိပ်ခေါင်း
ပတ်ဝန်းကျင်က အသားစတွေ ပျက်စီး စေတယ် ၊ ဒါကို gangrene လို့ ခေါ် ပြီး အဲ
့ဒီအချိန် မှာအရမ်းနာတတ်တယ်။

ဆင်တူရိုးမှား ရောဂါများ ။
လိပ်ခေါင်းနဲ့ ခပ်ဆင်ဆင် ပဲ စအိုဝ နားမှာ ဖြစ်လေ့ ဖြစ်ထ ရှိတာတွေ ကတော့ ...
စအိုကင်ဆာ( rectal cancer) ၊ စအို ကွဲအက် (anal fissure ), စအို ပြည်တည်နာ (anal
abscess ) ၊ စအို ဝ အပြင် နဲ့ အတွင်းမှာ ဂလှိုင်လို လမ်းကြောင်းဖြစ်နေတဲ့
(anal fistula) ဂရင်ဂျီနာ လို့ခေါ်မယ်ထင်တယ် ၊ ,သွေးစုနာ( perianal
hematoma ) စသဖြင့် အမျိုးမျိုးရှိတတ်တဲ့ အတွက် စအိုတဝိုက်မှာ တခုခု နေမထိ
ထိုင်မသာ ဖြစ်နေရင် ဆေးမီးတိုနဲ့  ကြိတ်မကုပဲ ကျွမ်းကျင်တဲ့
ဆေးဘက်ဝန်ထမ်းတွေနဲ့ ပြသ ပြီး ကုသမှု ခံယူကြရင် အကောင်းဆုံး ပါပဲ ။


ဒီနေရာ ၁ ။  တွေ မှ အချက်အလက်များ ရယူ ရေးသားပါတယ် ။

ကောင်းသင့်တဲ့ ခေါင်းလေးကောင်းမွန်စွာ မှန်ကန်စွာ စဉ်းစား တွေးခေါ် လုပ်ဆောင်နိုင်ကြပါစေ ။
မကောင်းတဲ့  ခေါင်းကလေးများ ရန်မှလည်း ကင်းကွာပြီး အနာမဲ့စွာ အသက်ရှည် နိုင်ကြပါစေ ။


No comments:

Post a Comment