Powered By Blogger

Sunday 5 May 2013

အမှိုက်သိမ်းသမား


ဧပြီလ 30, 2013 (4:00pm) တွင် ______________ မှ ရေသားမျှဝေခဲ့ပါသည်။
Send Message View Blog



ကျွန်တော့်မှာ အမေဘက်ကတော်တဲ့ အသက်၈၀ကျော်အဖွားရယ်၊ အဖေဘက်ကတော်တဲ့ အသက်၉၀စွန်းစ အဖွားရယ်ဆိုပြီး အဖွားနှစ်ယောက်ရှိပါတယ်။ အဖွားတွေက နယ်မှာနေကြတာဆိုတော့ ခြံကြီးတွေကလည်း အကျယ်ကြီးတွေ၊ အိမ်ကြီးတွေကလည်း အကြီးကြီးတွေနဲ့ အိမ်တွေထဲမှာလည်း ဘာမှန်းကိုမသိတဲ့ ပစ္စည်းတွေမှ ပြည့်နှက်လို့ရယ်။ နှစ်ဖက်ဘိုးဘွားတွေရဲ့ တစ်ဦးတည်းသော မြေးဆိုတော့ကာ အမွေရရင်တော့ တထောကြီးပဲလို့ပြောတဲ့ သူငယ်ချင်းတွေလည်း ရှိရဲ့။ ကျွန်တော် တစ်နှစ်တစ်ခါ အလည်ရောက်ရင် အဖွားတွေအိမ်က နှစ်ရှည်လများ စုဆောင်းထားတဲ့ ပစ္စည်းပစ္စယတွေကို ဝင်ဝင်မွှေရတာလည်း ပျော်စရာတစ်ခုပေါ့။ အဘိုးတို့ခေတ်တုန်းက ဝတ်ခဲ့တဲ့ တစ်ထည်လုံးမှ ၄ကွက်လောက်ပါတဲ့ ပုဆိုးကြီးတွေလည်း စမ်းဝတ်ဖူးရဲ့။ ဟိုးတုန်းက ထမင်းဟင်း ချက်ပြုတ်ရာမှာ သုံးခဲ့တဲ့ မြေအိုးတွေလည်း ပါသလို၊ ပိုးမထိုး၊ ခြမကိုက် စည်းကမ်းရှိရှိ သိမ်းထားရင်းက အလှန်အလှောတောင် မခံနိုင်လောက်တော့တဲ့အထိ ဆွေးမြေ့စပြုနေတဲ့ အဖုံးဝါကျင့်ကျင့်နဲ့ စာအုပ်ဟောင်းတွေ တပုံတပင်ကြားမှာလည်း ပျော်ဖူးရဲ့။
ဒီနှစ်သင်္ကြန်ပိတ်ရက်တုန်းက အဖွားတွေဆီ ကျွန်တော်ပြန်ပါတယ်။ ရောက်တော့လည်း ထုံးစံအတိုင်း မွှေတာပေါ့ဗျာ။ ကလေးတုန်းကတော့ ဘာရယ်လို့မသိ ... စိတ်ဝင်စားစရာတွေ့ရင်သာ ကိုင်ကြည့် ၊ မှုတ်စရာဆို မှုတ်ကြည့်၊ ဝတ်စရာဆိုလည်း ဝတ်ကြည့်နဲ့ ဒီထက်ပိုပြီး ဘာမှထပ်မတွေးမိခဲ့။
"ဖွား ... ဒီဗူးခွံ၊ ပုလင်းခွံတွေက ဘာလုပ်ဖို့သိမ်းထားတာတုန်း၊ ဒီမှာ ပလတ်စတစ်အိတ်တွေကလည်းပါသေး။ ဟော ... ဒါကဘာလဲ ... ဒါသားငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့အင်္ကျီလေးတွေ မဟုတ်လား .... သားလည်းဝတ်လို့ မတော်တော့ဘဲနဲ့ ... လိုတဲ့သူပေးပစ်လိုက်တာမဟုတ်ဘူး။ ဟင် .... ဒီမှာကရော  ဘာတွေလဲ ...  ကြွေပန်းကန်ကွဲစတွေ ... အဲဒါတွေ ဘာလို့လျှောက်သိမ်းထားတာလဲ ဖွားရဲ့ .... ကိုယ့်အတွက်အသုံးဝင်တော့တာလည်း မဟုတ်ဘူး ... အလကား အိမ်ရှုပ်တာပဲရှိတယ် ... "
" ပုလင်းခွံ ၊ ဗူးခွံတွေက ခုနေကြည့်ရင် မလိုဘူးထင်ရပေမဲ့ ကိုယ်တစ်ခုခုထည့်ချင်လို့ လိုချင်တဲ့အခါ မရှိရင်ခက်တယ်သားရဲ့... ကြွပ်ကြွပ်အိတ်တွေကလည်း ဒီလိုပဲ။ သားငယ်ငယ်က အင်္ကျီလေးတွေက သူများကို မပေးပစ်ရက်လို့ပါကွယ် ... သားအခုပြန်ကြည့်ရတော့ ငယ်ငယ်တုန်းက ဘဝလေးကိုတောင် ပြန်အမှတ်မရပေဘူးလား။ ပန်းကန်ကွဲစတွေက သားဖိုးဖိုးနဲ့ ဖွားတို့ မင်္ဂလာဦးပစ္စည်းလေးတွေကွဲ့။ ပျက်စီးသွားပြီ ဆိုပေမဲ့လည်း မင်္ဂလာဦးအမှတ်တရလေးတွေမို့ လွှင့်မပစ်ရက်လို့ပါကွယ်"
ကျွန်တော်တို့ဟာ အကြောင်းပြချက်မျိုးစုံကိုကိုင်စွဲပြီး ကိုယ့်အတွက် အသုံးမဝင်တဲ့၊ တကယ်မလိုအပ်တဲ့အရာတွေကို မစွန့်ရက် မပယ်ရက်ဘဲ နေ့စဉ်နဲ့အမျှ တွယ်ကပ် သိမ်းဆည်းမိနေကြပါတယ်။ ကိုယ့်အတွက် အသုံးမဝင်တဲ့၊ အကျိုးမပြုတဲ့ အရာမှန်သမျှဟာ အမှိုက်တွေပါပဲ။ လုပ်ငန်းခွင်မှာ၊ နေ့စဉ်သွားလာ ဆက်ဆံရာ နေရာတိုင်းမှာ၊ အွန်လိုင်းပေါ်က ဒုတိယဘဝတွေမှာ ကျွန်တော်တို့ဟာ  လူပေါင်းစုံ၊ စရိုက်ပေါင်းစုံ၊ ကိစ္စပေါင်းစုံ၊ အပြောအဆိုပေါင်းစုံ၊ သတင်းပေါင်းစုံ .....စတဲ့ မရေတွက်နိုင်တဲ့ အကြောင်းအရာပေါင်းစုံတွေထဲ ဝဲလည်ကူးခတ်လို့ တကယ်တမ်း မလိုအပ်တာတွေ တော်တော်များများကို ကျွန်တော်တို့ရဲ့ စိတ်နှလုံးအိမ်လေးထဲ (ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ) ထည့်သိမ်းမိနေပါရဲ့။ အညှိုးတွေ၊ အမုန်းတွေ၊ အာဃာတတွေ၊ မလိုတမာစိတ်တွေ၊ စိတ်ဆင်းရဲစရာတွေ၊ အသဲကွဲတာတွေ၊ တစ်ခြားဘာဆိုဘာမှ မလုပ်နိုင်တော့လောက်အောင် တစ်ချစ်ထဲချစ်နေတာတွေ၊ ဝမ်းနည်းပူဆွေး ငိုကြွေးနေတာတွေ၊ နောင်တတွေ၊ ကိုယ်ဝတ်ပြီးသားအဝတ်တစ်ခုကို မတော်တော့ပေမဲ့ မစွန့်ပစ်နိုင်တာမျိုး ထပ်ခါတလဲလဲ စားမြုံ့ပြန်နေတာတွေ ...... တွေ ... တွေ .... တွေ ....... နေ့စဉ်နဲ့အမျှ ဖြစ်ပျက်လို့ ... မေ့လျော့ဖို့ ခက်ခဲစွာပဲ သိမ်းဆည်းမိလျက်သား ဖြစ်လို့။  ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီ။ အမှိုက်ထဲမှာ ရွှေပါမယ်ဆိုရင် အဲဒီအမှိုက်ကို ထပ်မံသန့်စင် စစ်ထုတ်ချင်စစ်ထုတ်။ ဒါမှမဟုတ် Recycle လုပ်သင့်တာလုပ်၊ မြေသြဇာအဖြစ် ပြောင်းလဲမယ်ဆိုလည်း ပြောင်းလဲ။ အမှိုက်တွေကိုတော့ သိမ်းမထားမိဖို့ သိပ်အရေးကြီးပါတယ်လို့ ဆိုပါရစေလားခင်ဗျာ။
နှစ်ဖက်သောအဖွားတွေဆီက တစ်ချိန်မှာ ကျွန်တော်အမွေရတဲ့အခါပါလာမဲ့ မစွန့်ပစ်နိုင်တဲ့ အမှိုက်ပေါင်းစုံဟာ သူငယ်ချင်းတွေပြောတဲ့ အမွေ တထောကြီးဆိုတာဖြစ်ပါလိမ့်မယ်။ အခုကျွန်တော်ရော တစ်နေ့တစ်နေ့ ဘာတွေများ စုဆောင်းနေမိပါလိမ့်။  တန်ဖိုးရှိတဲ့အချိန်နဲ့ တန်ဖိုးရှိတဲ့ အသိဥာဏ်တွေထည့်သွင်းနိုင်တဲ့ နေရာလေးမှာ ဘာမဟုတ်တာတွေအတွက် နေရာပေးမိနေမယ်ဆိုရင် တကယ်တန်ဖိုးရှိတဲ့ အရာတွေအတွက် နေရာကျဉ်းသွားပါလိမ့်မယ်။  ခုချိန်မှာ ကျွန်တော်စုဆောင်းမိသမျှ ခုလက်ရှိအတွက်လည်း ကျွန်တော့်ကို ဘာမှအကျိုးမပြုဘဲ ...  နောင်တစ်ချိန်ကျဖြစ်လာမဲ့ ကျွန်တော်တို့မျိုးဆက်သစ်တွေအတွက် ချန်ထားခဲ့နိုင်မဲ့အရာတွေထဲမှာလည်း အမှိုက်ဖြစ်နေတဲ့အရာတွေဘယ်လောက်များ ပါနေကြပါလိမ့် .... :)

သံသရာအဆက်ဆက်တော်စပ်ခဲ့ကြဖူးသော ဆွေမျိုး ညီအစ်ကို မောင်နှမအားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment