Powered By Blogger

Monday 6 May 2013

ကလေး ကစားကွင်းမှ ပျော့ပျော့အိအိ အန္တရာယ်



ကလေး ကစားကွင်းမှ ပျော့ပျော့အိအိ အန္တရာယ်




မျက်မှောက်ခေတ် ဘုရားပွဲတော်များ၊ အထိမ်းအမှတ် အခမ်းအနား ပွဲတော်များ ကျင်းပရာတွင် ဇာတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲ များနှင့် အတူ ချားရဟတ်များ၊ ကလေး ကစားစရာ၊ ပင်လယ် ဓားပြလှေ၊ ပျော့ပျော့အိအိ စသည့် ခုန်ပေါက် မြူး ထူး ဆော့ကစား စရာများလည်း ပါဝင်လေ့ ရှိပါသည်။

ပျော့ပျော့အိအိ ဆိုသည်မှာ လေထိုး ထား၍ ပြည့်တင်းနေသော ရော်ဘာမွေ့ရာ အပေါ်တွင် ကလေးငယ်များ တပျော် တပါး ခုန်ပေါက်ကစားရာ နေရာ ဖြစ်ပါသည်။ ကိုယ်တွေ့ ကြုံရသော ပျော့ပျော့အိအိ အန္တရာယ်ကို မိဘများ သတိပြု ဆင်ခြင်နိုင်ရန် တင်ပြ လိုပါသည်။

မတ် ၃ဝ ရက် ညနေအချိန် ပဲခူးရွှေမော်ဓော ဘုရားပွဲတော် ကွင်းအတွင်း၌ ဖြစ်ပါသည်။ ပဲခူးမြို့ ရှင်စောပု ရပ်ကွက် ဆိုရှယ်လစ် (၆) လမ်းနေ ကိုပြည့်ဖြိုးအောင်- မစုစုလှိုင် တို့၏သား မောင်မြတ်မင်းကိုကို အသက် သုံးနှစ် လေးလ အရွယ်သည် ဦးလေးတော်သူ ဦးမြင့်ကိုကိုနှင့် အတူ ပျော့ပျော့အိအိ ကစားကွင်းသို့ ရောက်ရှိ ကစားကြသည်။ ထိုအချိန်တွင် ကစားဖော် ၁ဝ ဦးခန့်နှင့် အတူ ကစားခဲ့ကြခြင်း ဖြစ်သည်။

ခဏ အကြာတွင် မောင်မြတ်မင်းကိုကို ပျော့ပျော့အိအိ ပေါ်တွင် မတွေ့ရှိသဖြင့် ပျော့ပျော့အိအိ တာဝန် ရှိသူများ ကို မေးမြန်းရာ ကလေး အပြင်ဘက် ထွက်သွားသည်ဟု ပြောသဖြင့် ပတ်ဝန်းကျင်တွင် ရှာဖွေရာ မတွေ့ရှိခဲ့ပါ။ စိုးရိမ်သောကဖြင့် ပျော့ပျော့အိအိ လေမွေ့ရာ၏ အောက်ဘက်သို့ ရှာဖွေကြည့်ရာ လဲကျ မေ့မြော နေသော မြတ်မင်း ကိုကိုကို တွေ့ရှိ လိုက်ရသည်။ အရေးပေါ် ကုသမှုကြောင့် မိနစ် ၂ဝ ခန့် အကြာ တွင် သတိပြန်လည် ရရှိခဲ့သည်။

ဦးမြင့်ကိုကိုက လုံခြုံရေးသို့ သွားရောက် တိုင်ကြားရာ တာဝန်ရှိသူများ လိုက်ပါလာပြီး ပျော့ပျော့အိအိ ကစား ခြင်းကို ရပ်နားခိုင်း လိုက်ပါသည်။ ယခု ဖြစ်ပွားစဉ်တွင် ကလေးငယ်ကို အချိန် နောက်ကျမှသာ တွေ့ရှိရပါက အသက် အန္တရာယ် ဖြစ်စေနိုင် ပါသည်။ ပျော့ပျော့အိအိ ကစားကွင်း တာဝန်ရှိသူတို့၏ ပေါ့ဆမှုဟု ယူဆနိုင် ပါသည်။

မိဘများ အနေဖြင့် ကစားကွင်းများတွင် မိမိတို့၏ သားသမီး မြေးများအား ကစားခွင့် ပြုကြရာ ဂရုတစိုက် ကြည့်ရှု သင့်ကြပါသည်။ ကစားကွင်း တာဝန်ရှိသူ များကလည်း မပေါ့မဆ ဂရုစိုက်ကြရန် သင့်ပါကြောင်း တင်ပြ လိုက်ရပါ သည်။ ။

http://www.myawady.com.mm/library/stories/storiesforall/item/12905-...

No comments:

Post a Comment