Powered By Blogger

Friday 2 August 2013

လူတိုင်းတတ်ထားရမည့် ဘာသာစကား (Language)

လူတိုင်းတတ်ထားရမည့် ဘာသာစကား (Language)
လူတိုင်းတတ်ထားရမည့် ဘာသာစကား (Language)က ဘာလဲလို့ မေးလာရင် စာဖတ်သူများ ဘယ်လိုဖြေကြမလဲ?
အဖြေအမျိုးမျိုးထွက်နိုင်ပါတယ်… အခုလို ကမ္ဘာ့ရွာကြီးမှာ ဘယ်အဖြေမှလဲ မှားမည်မထင်ပါ။ ဘာသာစကားတွေ တတ်လေကောင်းလေ ဖြစ်ပါသည်။
စာရေးသူ ကြည့်ခဲ့ရသော အင်တာဗျူးတစ်ခုမှ အကြောင်းကို တင်ပြလိုပါသည်။
အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် သရုပ်ဆောင်လူရွှင်တော်တစ်ဦး (Mr. Johny Lever) ကို မေးမြန်းခြင်းဖြစ်ပါသည်။ "သင့်အတွက် အကောင်းဆုံး သရုပ်ဆောင်က ဘယ်သူဖြစ်ပါသလဲ" ဟု မေးရာ ၄င်းက ကျွန်ုပ်အတွက် အကောင်းဆုံး သရုပ်ဆောင်မှာ "မိခင်များ" ဟု ပြန်ဖြေခဲ့ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က အစားတစ်လုပ်ဝင်ဖို့ မိခင်များမှ မျိုးစုံ သရုပ်ဆောင်ပြခဲ့ကြပါသည်။ ၄င်းပုဂ္ဂိုလ် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံတစ်ခုကို ပြန်လည်ပြောပြခဲ့ပါသည်။
မိခင်တစ်ဦးက စကားပြောစအရွယ် ကလေးအား အစာကျွေး နေသည့် မြင်ကွင်းအကြောင်းဖြစ်ပါသည်။ ယင်းကလေးသည်လည်း ကလေးများ၏ သဘာဝအရ အစာမစားချင်သောအခါ အမျိုးမျိုး ဂျီကျနေသည်။ ကလေးက သီချင်းနားထောင်လိုသောအခါ မိခင်က သီချင်းဆိုပြီး ထမင်းတစ်လုပ်ကျွေးရ၊ ဟိုအရုပ်လိုချင်က ယူပေး၍ ထမင်းတစ်လုပ် ကျွေးရ ၊ ပြီးတော့ ကလေးက အက ကြည့်ချင်၍ မိခင်က ကပြရင်း ထမင်းတစ်လုပ်ခွံ့ရ ၊ အိမ် / ခြံအပြင် ထွက်ချင်လျှင် အပြင်သို့ ပွေ့ချီခေါ်သွားရပြီး အစာတစ်လုပ်ခွံ့ရ ၊ ဤနည်းဖြင့် မိခင်မှ သူ၏ မပီကလာ ပီကလာပြောသောကလေးအား အစာတစ်လုပ် ခွံ့ဖို့အရေး အမျိုးစုံအောင်လိုက်လျောရင်း စိတ်ရှည်စွာ အစာကျွေးခဲ့သည်။
ထိုကလေးအရွယ်ရောက်လာသောအခါ ပညာတတ် သူကြွယ်ကြီးတစ်ယောက်ဖြစ်လာသည်။ သူ၏ မိခင်မှာလည်း အိုမင်းမစွမ်းတော့ဘဲ အိပ်ယာထဲ လဲနေပြီ။ ထို့ကြောင့် မိခင်အားပြုစုရန် အနားတွင် ဝါရင့်ဆရာဝန်ကြီးများ ၊ သူနာပြုများနှင့် အလုပ်သမားများ ဝိုင်းဝိုင်းလည် ဖြစ်နေသည်။ အကောင်းဆုံးသော အာဟာရများနှင့် ဆေးဝါးများ အနားတွင် ရှိနေသည်။ သားဖြစ်သူ သူကြွယ်ကြီးလည်း မိခင်ရှိရာသို့ ရောက်လာသည်။ လူအများက သူကြွယ်ကြီးဘယ်လိုများ မိခင်ကို နှုတ်ဆက်မလဲဆိုတာကို စိတ်ဝင်တစားကြည့်နေကြသည်။ ထိုစဉ် သူကြွယ်ကြီးက ဆေးအဖွဲ့မှ အကြီးဆုံးဆရာဝန်အား အခြေအနေမေးကြည့်ရာ ဆရာဝန်ကြီးက အခြားဘာမှ မစိုးရိမ်ရပါ။ အစားမစားတာ တစ်ခုပဲ ဟုပြောရာ သူကြွယ်ကြီးက မိခင်ဘက်လှည့်၍ “အမေဘာဖြစ်နေတာလဲ၊ ဒီလောက်ကောင်းတဲ့ အစားအသောက်တွေ၊ ဈေးကြီးတဲ့ ဆေးတွေပေးနေတာ မစားရင် ဘယ်ဖြစ်မလဲ” ဟုငေါက်လိုက်သည်။ ထိုအခါ အိုမင်းမစွမ်းသည့် မိခင်ကြီးမှာ စကားသံထွက်အောင် မနည်းကြိုးစား၍ ပြောသော်လည်း အသံမှာ မပီသဘဲ ဖြစ်နေသည်။ သူကြွယ်ကြီးလည်း စိတ်မရှည်စွာဖြင့် မိခင်၏ညီမဖြစ်သူ အဒေါ်ကိုလှမ်းခေါ်သည်။ “အဒေါ် ... လာပါအုံး၊ အမေဘာပြောနေမှန်းလည်းမသိဘူး ၊ ကျွန်တော်တော့အမေ့စကားကို နားကိုမလည် ဘူး။ ဘာ language နဲ့ ပြောနေလဲမသိဘူး၊ အဒေါ်ပဲ မေးကြည့်ပါတော့” ဟု ပြောလိုက်လေသည်။ ထိုအခါ အဒေါ်က ”မင်းနားမလည်ဘူး ဖြစ်နေတာလား ၊ မင်းက လူကြီးတစ်ယောက်ဖြစ်လာပြီကိုး၊ စာတတ်ပေတတ် သူဌေးသူကြွယ်ကြီးတစ်ယောက်တောင်ဖြစ်နေပြီ။ ဒါပေမယ့် မင်းငယ်စဉ်ခါတုန်းက မင်းစကားတောင် ကောင်းကောင်းမပြောတတ်ခင်က မင်းဘာလိုချင်လဲ ဆိုတာ ၊ မင်းဘာဖြစ်တယ်ဆိုတာ မင်းအမေ သိခဲ့တယ် ၊ နားလည်ခဲ့တယ်၊ လိုချင်တာအားလုံးကို လိုက်လုပ်ပေးခဲ့တယ်” ဟု သူကြွယ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်သည်။ အခုလည်း မင်းအမေပြောနေတာက “ ဒီလောက်ဈေးကြီးပြီး ကောင်းမွန်တဲ့အရာတွေကို သူ မလိုချင်ပါဘူးတဲ့။ မင်းအနားမှာ ထိုင်ပြီး ထမင်းတစ်လုပ် ကျွေးရင် ကျေနပ်ပါပြီတဲ့ ၊ မင်းမယုံရင်အခုကျွေးကြည့်ပါလား ၊ မင်းအမေ အခုချက်ချင်း အိပ်ယာကနေ ထလိမ့်မယ် ” ဟု ပြောလိုက်လေသည်။
စာရေးသူ မျက်ရည်စို့လာပြီး သံဝေဂလည်း ရခဲ့ပါသည်။ မဟာမေတ္တာရှင် မိခင်များပါ တကား။
အခြား ဘာသာစကား Languages တွေ တတ်တာမတတ်တာ ထက် မေတ္တာကို မေတ္တာဖြင့် တုံ့ပြန်တတ်သော Language ကိုတော့ လူသားတိုင်း တတ်ထားသင့်ပါသည်။
စာဖတ်သူများလည်း တတ်သိနားလည်ပြီး တုံ့ပြန်နိုင်ပါစေ…
၂၂၊၇၊၂၀၁၃ မောင်စိုးလွင်
Views: 197

No comments:

Post a Comment