Powered By Blogger

Sunday 4 August 2013

နေခြည်ဖတ်ဖို့ “ကျွန်မရဲ့ ဘ၀ထဲကဖတ်စရာများ”



- ကိုယ့်အနားမှာ သူငယ်ချင်းတွေအများကြီးရှိနေတာထက် မိတ်ဆွေကောင်းတစ်ယောက်ရှိဖို့ လိုအပ်ပါတယ်။


- တစ်ပါးသူကြောင့် ဒေါသထွက်လာတဲ့အခါ ဘာကြောင့်လဲလို့ အဖြေရှာကြည့်ပါ။ အဖြေကို ရှာတွေ့တတ်တဲ့အခါ နောက်တစ်ကြိမ် ဒေါသမထွက်မိစေရန် ကြိုးစားဖို့စိတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။


- လူတစ်ယောက်ကို ငါ့ကိုယုံကြည်ပါလို့ ပြောဆိုနေတာထက် ကိုယ့်ကို ယုံကြည်နိုင်လောက်စေမယ့်လုပ်ဆောင်ချက်တွေကို လုပ်ပြပေးလိုက်ပါ။


- အခြားသူတစ်ယောက်ကို ငါ့ကို နားလည်ပေးပါလို့ ပြောဆိုနေမယ့်အစား သူ့ကို ဘယ်လောက်ထိနားလည်ပေးနိုင်သလဲဆိုတာ ကြိုးစားကြည့်ပါ။


- ၂၄နာရီပတ်လုံး မအားဘူး၊ အချိန်မပေးနိုင်ဘူးဆိုတာထက် သင့်အတွက် (၁၀)မိနစ်စာလောက်အချိန်လေးကို စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းဖြင့် အချိန်ပေးကြည့်လိုက်ပါ။ စိတ်ရဲ့ လန်းဆန်းမှုတစ်ခုတော့ ပေးစွမ်းလာနိုင်ပါလိမ့်မယ်။


- အကြောင်းအရာတစ်စုံတစ်ခုကို မျိုသိပ်ထားနေခြင်းထက် သင်နှင့်အရင်းနှီးဆုံး၊ အယုံကြည်ရဆုံးသူကို ရင်ဖွင့်ကြည့်လိုက်ပါ။ ပေါ့ပါးလန်းဆန်းတဲ့ ဘ၀သစ်တစ်ခုကို ပြန်လည်စတင်လာနိုင်မှာပါ။


- လူ့ဘ၀မှာ တန်ဖိုးအရှိဆုံးက ချစ်ခြင်းမေတ္တာတရားပါ။ ချစ်ချင်းမေတ္တာတရားသာ မရှိတော့ဘူးဆိုရင် လူ့ဘ၀မှာနေရခြင်းက တန်ဖိုးမဲ့နေပါလိမ့်မယ်။


- စိတ်ကူးဆိုတာ လေထဲမှာ တိုက်ဆောက်တယ်လို့ ပြောကြတယ်။ စိတ်ကူးတွေကို ယုံကည်မှုတွေနဲ့ ပေါင်းစပ်ပြီး စတင်အကောင်အထည်ဖော်လိုက်ပါ။


- သင့်မှာ အင်အားအကြီးမားဆုံးက ခွန်အားတွေပါ။ အခက်အခဲတွေနဲ့ ကြုံလာခဲ့တိုင်း သင့်ရဲ့တန်ဖိုးရှိတဲ့ ခွန်အားတွေကို အစွမ်းကုန်အသုံးချကြည့်လိုက်ပါ။


- တစ်ပါးသူတွေထက်စာရင် ငါအသုံးမကျဘူးလို့ တွေးနေမယ့်အစား.... ငါ့အသုံးချလို့ ရတဲ့ တစ်နေရာတော့ ရှိနေနိုင်တယ်လို့ တွေးပါ။


- လူတစ်ယောက်ကို ပေါင်းသင်းဆက်ဆဲ့တဲ့အခါ ကိုယ့်ရဲ့စိတ်ကိုအရင်းခံထားပြီး ပေါင်းသင်းဆက်ဆံကြည့်ပါ။ သင့်အပေါ် ကောင်းနိုင်သူရှိသလို၊ မကောင်းနိုင်သူလည်းရှိနေမှာပါ။ မကောင်းတာတွေဖြစ်လာတဲ့အခါ ပြုပြင်ပေးနိုင်ဖို့နဲ့၊ ကောင်းတာတွေရှိလာတဲ့အခါ ချီးမွမ်းပေးလိုက်ပါ။


- လူ့ဘ၀ဆိုတာ ရေစီးကြောင်းအရရော၊ သဘာဝအရရော ပြောင်းလဲမှုတွေရှိတယ်။ အဲ့ဒီပြောင်းလဲမှုတွေကို လက်ခံနိုင်တတ်ရမယ်။ ဒါပေမယ့် ချင့်ချိန်ပြီးလက်ခံနိုင်အောင် ကြိုးစားရမယ်။


- ဘယ်အရာတိုင်းမှာမဆို လုပ်ပြီးမှ နောင်တရလာတာထက် နောင်တမရခင် စဉ်းစားပြီး၊ တွေးတောပြီးမှ လုပ်တတ်ပါ။


- လောကတွင် အမှားမလုပ်ဘူးတဲ့သူမရှိ၊ အမှားတစ်ခုကို ပြင်ဆင်နိုင်ခြင်းသည်ကသာ လူတော်တို့၏ မှန်ကန်သောအသိတစ်ခုပင်ဖြစ်သည်။


- မဖြစ်နိုင်ပါဘူးလို့ ညည်းတွားနေခြင်းသည် စိတ်၏ကြောက်ရွံ့နေခြင်းတစ်ခုသာဖြစ်သည်။ သင့်ရဲ့ စိတ်ကူးတွေကို ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သာ လုပ်ကြည့်လိုက်ပါ။ ပြင်းပြင်းထန်ထန်လုပ်ဖို့တော့ လိုအပ်လိမ့်မယ်။ မကြာခင် အားမာန်တွေနဲ့ သတ္တိတွေ ပြည့်ဝလာပါလိမ့်မယ်။


- ကိုယ်အချစ်ရဆုံးလူတစ်ယောက်က ကိုယ့်အပေါ်ကို အမှားတွေ ဘယ်လောက်များများ လုပ်မိပါစေ။ ထိုအမှားတွေကို အပြစ်မပြောဆိုတတ်ပဲ ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။ ခွင့်မလွှတ်နိုင်တဲ့အဆုံးထိ ခွင့်လွှတ်ပေးကြည့်ပါ။


- လူတို့တွင် ပညာနည်းပါးခြင်းထက်၊ အသိဥာဏ်နည်းပါးခြင်းကသာ အရုပ်ဆိုးအကျည်းတန်စေ၏။


- သူတပါးကို ငါ့ကို သတိရရဲ့လား၊ ချစ်ရဲ့လားလို့ မေးနေတာထက် မင်းကို သတိရပါတယ် ချစ်ပါတယ်ဆိုတဲ့အကြောင်းတွေကို လေးလေးနက်နက်ပြောပြလိုက်ပါ။


- တစ်ခါတစ်ရံ ကိုယ့်ရင်ထဲကချစ်ခြင်းတွေကို သူသိအောင် ပြောဆိုသင့်တယ်။ အထူးသဖြင့် ဇနီးမောင်နှံတို့နှစ်ဦးကြားနှင့် ချစ်သူတို့အကြားမှာပေါ့။


- ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံတတ်ခြင်းဟာ ဒေါသထွက်နေသော ရန်သူကိုတောင် လျော့ပါးသွားစေနိုင်စွမ်းတယ်။


- သူတပါးကို “ဟင်” လို့ ကဲ့ရဲ့ပြောဆိုဝေဖန်ခြင်းထက် သင်ရော သူတပါးလိုအလုပ်မျိုး လုပ်ခဲ့ဘူးသလားလို့ ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။


- လောကတွင် အရှုံးဆုံးလူသည် သူတပါးစကားတစ်ခွန်းကြောင့် ဒေါသထွက်နေရသည့် လူမျိုးပင်ဖြစ်သည်။


- သင့်ကို ချစ်စေချင်ရင် သင်ကလည်း သူတပါးကို လေးနက်စွာ ချစ်တတ်ပါစေ။


- သူတပါစကားကို ဘေးပြောတာနှင့်မယုံကြည်ပါနှင့် သူ၏စိတ်နေသဘောထားနှင့် သူ၏စကား၊ အကြောင်းတရားများကို မိမိ၏ဦးနှောက်နှင့် တွေးဆချင့်ချိန်ပြီးမှ ယုံကြည်တတ်ပါ။


- တပါးသူ၏အားနည်းချက်ကို ဖိနှိပ်နေမယ့်အစြား အားပေးကူညီလမ်းပြပေးခြင်းက လူတော်လူကောင်းတို့၏ လေးစားစရာအကောင်းဆုံးလုပ်ရပ်ပင်ဖြစ်သည်။


-သူတပါး၏စကားတစ်ခွန်းကြောင့် ဒေါသဖြစ်နေမယ့်အစား ငါ....ဘာအမှားလုပ်မိခဲ့သလဲ၊ ပြန်လည်စစ်ဆေးပြီး ပြုပြင်ပြောင်းလဲလိုက်ပါ။ ထိုသူကိုယ်ပင် သင် ... ကျေးဇူးတင်နေပေလိမ့်မည်။


- ကျေးဇူးတင်ပါတယ်လို့ ပြောဆိုခြင်းကို လေးနက်စွာ ပြောဆိုပေးလိုက်ပါ။ သူတပါးကို လေးစားရာရောက်သလို...ကိုယ့်ကိုကိုယ်လည်း လေးစားရာရောက်ပါတယ်။


- အမှားတစ်ခုကို နောက်မလုပ်တော့ပါဘူးလို့ ပြောဆိုခြင်းထက် ပြုလုပ်ခဲ့ပြီးသား အမှားတစ်ခုကို ၀န်ခံလိုက်ခြင်းက သူရဲကောင်းတို့၏လုပ်ရပ်ပင်ဖြစ်သည်။


- ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာတာဟာ သင့်စိတ်ထဲမှာ လိုချင်တပ်မက်မှုတွေ များနေခဲ့လို့ပါ။ ထိုအခါ သင့်စိတ်ကို ခဏလေးဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးထားပြီး လေခပ်ပြင်းပြင်းလေးကို ရှုထုတ်ကြည့်လိုက်ပါ။ ပြီးတဲ့အခါ စိတ်ထဲကနေ ခပ်တိုးတိုးလေးရွတ်ဆိုကြည့်လိုက်စမ်းပါ။ ငါ...ဘာမှမလိုချင်တော့ဘူး၊ ငါလိုချင်တာ ဒါတွေမဟုတ်ဘူးလို့....မကြာခင် တပ်မက်မှုတွေလျော့ပါးသွားပြီး စိတ်တွေလန်းဆန်းကြည်လင်လာလိမ့်မယ်။


- သင် တစ်ဦးတည်းနေရခြင်းကို အထီးကျန်တယ်လို့ မတွေးလိုက်ပါနဲ့။ သင့်မှာအဖော်ရှိပါတယ်။ တစ်ဦးတည်းရှိနေချိန် ကောင်းကင်ပြင်ကို မော့ကြည့်လိုက်ပါ။ လမင်းနဲ့ကြယ်တွေက သဘာဝအတိုင်းလှပနေတာကို သင်တွေ့မြင်လိုက်ရတဲ့အခါ အရာအားလုံးက သဘာဝအတိုင်းဆိုတာကို သင်နားလည်သွားတဲ့အချိန်မှာ သင့်မှာ အထီးကျန်ခြင်းတွေဆိုတာ ရှိလာမှာမဟုတ်တော့ပါဘူး။


-လူတချို့က ရိုင်းပြကြမယ်။ လူတချို့က ယဉ်ကျေးကြမယ်။ စိတ်အလွှာပေါင်းမျိုးစုံနဲ့ ဆက်ဆံနေရတဲ့ ကိုယ့်စိတ်တွေထဲမှာ မလိုလားအပ်သောအတွေးမျိုးတွေကို နှစ်မထားဘဲ လျစ်လျူရှုထားလိုက်ပါ။


- စာအုပ်စာပေဟာ ဘ၀ရဲ့လမ်းပြဆရာကောင်းတစ်ဦးဖြစ်တယ်။ ဒါတွေကို ဖတ်ရှုခြင်းအားဖြင့် သင့်အတွက် ဦးနှောက်အသိဥာဏ်ကို ပိုဖွံ့ဖြိုးလာစေနိုင်သလို ဂီတကို နားဆင်ခြင်းဖြင့်လည်း စိတ်၏လွတ်လပ်ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။


- သူတပါးကို မနာလိုဖြစ်တာထက် သူ့လိုပဲ အရာရာကို ထက်မြက်တော်တတ်နေအောင် ကြိုးစားသင့်တယ်။


- လူတိုင်းဟာ တော်အောင်ကြိုးစားကြပေမယ့် စေတနာမပါဝင်သောကြိုးစားမှုတိုင်းကတော့ ဘယ်တော့မှ တော်လာပြီး ပြီးပြည့်စုံလာနိုင်မယ်မထင်ပါဘူး။


- သင့်ကိုယ်သင်အမြဲဝေဖန်နေခြင်းသည် သူတပါးကို ဝေဖန်နေခြင်းထက် သာလွန်ကောင်းမွန်သော တိုးတက်မှုကိုရှာဖွေသည့် နည်းလမ်းကောင်းတစ်ခုသာဖြစ်သည်။


-သူတပါး၏ အမှားတွေကို ဟားတိုက်ရယ်မောနေခြင်းသည် သင်၏ စေတနာအဆင့်အတန်းကို ဖော်ပြနေပေလိမ့်မည်။


- လူ့ဘ၀တွင် အရေးအကြီးဆုံးဂရုစိုက်မှုသည် ကျန်းမာရေးတစ်ခုသာဖြစ်သည်။


- သင်တို့၏ မွေးရာပါစိတ်နှလုံးတို့တွင် ကောင်းမြတ်ဖြူစင်ရိုးသားသော စိတ်သဘောထားတို့ရှိနေကြမည်မှာ ဧကန်မလွဲပေ။ ထိုအရာကိုပင် မည်သည့်ပကာသနတို့နှင့်မျှ အလဲအလှယ်မလုပ်မိကြပါစေနှင့်။


- ယုံကြည်မှုသည် ပါရမီမဟုတ်ပါ။ သင်ကိုယ်တိုင် ခိုင်မာစွာတည်ဆောက်နေရမည့် အရာတစ်ခုပင်ဖြစ်သည်။ ယုံကြည်မှု၏ နောက်တွင် ဇွဲရှိဖို့တော့ လိုအပ်နေလိမ့်မည်။


- ပြဿနာတစ်ခုကြုံတွေ့လာခဲ့တိုင်း အပြစ်တင်ပြောဆိုနေမယ့်အစား ဘာဆက်လုပ်ကြမည်လဲဆိုတာကိုသာ အဖြေရှာကြည့်ကြပါ။


- ဂုဏ်ပကာသနတွေ ထင်ပေါ်ကျော်ကြားနေခြင်းထက် အကျင့်စာရိတ္တ၊ အကျင့်သီလ ဂုဏ်သတင်းမွှေးပျံ့နေခြင်းကသာ သင့်အတွက် တန်ဖိုးမဖြတ်နိုင်သော သစ်တစ်ပင်ကောင်း ဖြစ်နေပေလိမ့်မည်။


မေတ္တာများစွာဖြင့်အားလုံးကိုခင်မင်လေးစားနေလျက်

နေခြည်သစ်နွယ်(ပြည်)

www.naychithitnwe.com

No comments:

Post a Comment